ကန့်ဘလူမြို့နယ်တွင်  စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး

By KMN (မဇ္ဈိမ)
19 May 2023
ကန့်ဘလူမြို့နယ်တွင်  စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး
Photo - ကျွန်းလှ၊ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့(မေလ ၁၇ ရက်နေ့၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်များ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်တွင် ကန့်ဘလူ (၆၀၀၆) အမြောက်တပ်နှင့် မြေပြင်စစ်ကြောင်းထိုး စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးကာ  နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ၊ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ထုတ်ပြန်သည်။ 

မေလ ၁၇ ရက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီ၏ (၆၀၀၆) အမြောက်တပ်က ဟောင်ဝစ်ဇာအမြောက်ဖြင့် ပစ်ခတ်ခဲ့ရာ ထန်းကုန်းတိုက်နယ်၊ ထိန်တောရွာမှ ကွမ်းခြံထဲ၌ ဆေးဖြန်းနေသည့် အသက် ၂၆ နှစ် အရွယ် လင်မယားနှစ်ဦး ထိမှန်ခဲ့ပြီး အမျိုးသမီးမှာဆေးရုံ၌ သေဆုံးခဲ့ကာ အမျိုးသားမှာမူ ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ 

ယင်းနေ့ နံနက် ၇ နာရီခွဲခန့်ကလည်း ကန့်ဘလူမြို့နယ်၊ ညောင်‌ပေါင်ရင်းနှင့် ရွာသစ်ကုန်း ကျေးရွာများမှ စစ်ရှောင်အမျိုးသားနှစ်ဦး ယော၊ လယ်လှဘက်မှ ဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးစစ်ကြောင်းနှင့် တည့်တည့်တိုးမိ၍ ပစ်ခတ်ခံခဲ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ရွာသစ်ကုန်းရွာမှ ၂၇ နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးမှာ ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ကာ ညောင်ပေါင်ရင်းရွာမှ ၁၈နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာဖြင့် အရေးပေါ်ကုသမှု ခံယူနေရသည်။ 

"ဒဏ်ရာရရှိခဲ့တဲ့နှစ်ယောက်နဲ့ပတ်သက်ပြီး အခုထိတော့ ဘာမှမကြားရ‌သေးပါဘူး မြေပြင်ကပဲ အရေးပေါ်ကုသမှု ပေးနေပါတယ်"ဟု ကျွန်းလှ၊ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက မဇ္ဈိမကိုပြောသည်။

ဒေသခံနှစ်ဦးအား ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး စစ်ကြောင်းသည် မေလ ၁၇ ရက်၊ မနက် ၈နာရီခန့်တွင် ထန်းကုန်းတိုက်နယ်၊ ဉာဏ်အင်းရွာအား ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ် ၂၃ လုံးနှင့် စစ်ရှောင်တဲ ကိုးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထန်းကုန်းတိုက်နယ်၊ ကျွန်းပင်ကုန်းရွာ၌ ညအိမ်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၃၆၈) စစ်ကြောင်းသည် ယမန်နေ့၊ မေလ ၁၈ ရက် နံနက်ပိုင်းက အသက် ၆၀ အရွယ် ရွာခံအမျိုးသားနှစ်ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ယင်းနေ့ နံနက် ၉ နာရီခွဲခန့်တွင် ဇီးကုန်းတိုက်နယ်၊ မကျည်းကုန်းရွာအား ပစ်ခတ်စီးနင်း၊ မီးရှို့ဖျက်ဆီးပြီးနောက်  ရွာတွင်း၌ပင် တပ်စွဲထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှတိုက်ခိုက်မှုအပြင် မြေပြင်မှလည်း ရွာစဉ်လှည့် စစ်ကြောင်းထိုးနေမှုများကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တစ်ခုတည်း၌ စစ်ဘေးရှောင် ၅၀,၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ကျွန်းလှ၊ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ထုတ်ပြန်ထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly