မုန်တိုင်းဒဏ်သင့် ဒေသများသို့ ဝင်ခွင့်ရရေး ကုလသမဂ္ဂက တောင်းခံထားစဉ် ဒေသခံများ ရေ ခက်ခဲနေ

မုန်တိုင်းဒဏ်သင့် ဒေသများသို့ ဝင်ခွင့်ရရေး ကုလသမဂ္ဂက တောင်းခံထားစဉ် ဒေသခံများ ရေ ခက်ခဲနေ
Photo-AFP

မုန်တိုင်းဒဏ်သင့် ဒေသများသို့ ဝင်ခွင့်ရရေးအတွက် ကုလသမဂ္ဂသည် နိုင်ငံတကာ အထီးကျန် မြန်မာစစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးလျက် ရှိနေစဉ် ဆိုင်ကလန်းမုန်တိုင်း တိုက်ခတ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့တော်က ဒေသခံများသည် ဆန်နှင့် သောက်သုံးရေအတွက် တန်းစီစောင့်ဆိုင်းနေရသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ တနင်္ဂနွေနေ့က ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်ခြင်းနှင့် တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ တိုက်ခတ်ခြင်းများဖြင့် အဆောက်အအုံများ ပြိုကျကာ လမ်းများ ရေကြီးရေလွှမ်းသည်။

မုန်တိုင်းအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ သေဆုံးသူ ၈၁ ဦး ရှိသည်ဟု ဒေသအကြီးအကဲများနှင့် တာဝန်ရှိသူများ၏ အေအက်ဖ်ပီသို့ ပေးသော ထုတ်ပြန်ချက်နှင့် နိုင်ငံပိုင်မီဒီယာတို့အရ သိရသည်။

မြို့နေ ၁၅၀,၀၀၀ ခန့်ကို ရေပေးဝေနေသော ရေသန့်စင်စက်ရုံများ မုန်တိုင်းကြောင့် ထုတ်လုပ်မှု ရပ်သွားသည့်နောက် စစ်တွေမြို့ခံများသည် ပုံးတစ်ပုံးစာ သောက်သုံးရေ ရရှိရေးအတွက်ပင် စီတန်းစောင့်ဆိုင်းရခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ရေလှောင်ထားတာ ရှိပါတယ်၊ ဒါပေမဲ့ နှစ်ရက်လောက် ကြာတော့ အိမ်မှာ ရေ ပြတ်သွားပြီ”ဟု အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ရပ်က ပေးဝေသော ရေကို နေ့ခင်း နေပူပူအောက် စောင့်ဆိုင်းနေသူ ကိုထွန်းက ပြောသည်။

“ချမ်းသာတဲ့ သူတွေကတော့ ရေဝယ်နိုင်တာပေါ့ဗျာ၊ ဆင်းရဲတဲ့သူတွေအတွက်တော့ မတတ်နိုင်ဘူး”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

မြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ပေးဝေသည့် ဆန်ကို စီတန်းစောင့်နေသည့် စစ်တွေမြို့ခံ ဒေါ်အေးလှကလည်း “ကျွန်မ ထမင်းစားရတာ လေးရက်ရှိပြီ”ဟု ဆိုသည်။

“ကျွန်မမှာ အိုးခွက်ပန်းကန်တွေနဲ့ အိမ်တောင် မရှိတော့ဘူး၊ လဲစရာ အဝတ်လည်း မရှိဘူး၊ ကျွန်မတို့ မိသားစု ငတ်နေကြရလို့ ခု ဒီနေရာမှာ ဆန်တန်းစီတာပဲ”ဟု အသက် ၄၇ နှစ်အရွယ် ၎င်းက ပြောသည်။

လေယာဉ်ဖြင့် ဆန်အိတ်ရာပေါင်းများစွာကို သယ်ပို့နေပြီး ဆန်၊ ဆက်သွယ်ရေးပစ္စည်းနှင့် အခြား အကူအညီများ တင်ဆောင်သော ရေတပ်ရေယာဉ်တစ်စင်း ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ရောက်ရှိမည်ဖြစ်ကြောင်း Global New Light of Myanmar သတင်းက ဖော်ပြသည်။

“လူသားချင်း စာနာထောက်ထားရေး ရုတ်တရက်ကပ်ဘေး” က မြန်မာနိုင်ငံတွင် ကျရောက်နေသည်ဟု ကုလသမဂ္ဂ တာဝန်ရှိသူများနှင့် လူသားချင်း စာနာထောက်ထားရေး ညှိနှိုင်းသူများက အင်္ဂါနေ့တွင် ပြောသည်။

ဆိုင်ကလုန်းဒဏ်သင့် ဒေသများသို့ ဝင်ခွင့်ရရေး မြန်မာစစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထားရေးရာ ရုံးက ဆိုသည်။

ဒုက္ခသည်စခန်းများတွင် နေနေရသော ရိုဟင်ဂျာများ အပါအဝင် ဆိုင်ကလုန်းဒဏ်သင့် ဒေသများသို့ ကုလသမဂ္ဂ အဖွဲ့တစ်ရပ် သွားရောက်နိုင်ရေးအတွက် ခွင့်ပြုချက် ရပြီလားဆိုခြင်းနှင့် ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး မေးမြန်းသည်ကို OCHA မှ ပြောခွင့်ရသူက ပြန်လည်တုံ့ပြန်ခြင်း မရှိပေ။

“အကူအညီပေးမည်ဆိုသော နိုင်ငံတကာ အသိုင်းအဝိုင််း၏ ကမ်းလှမ်းမှုကို လက်ခံထားကြောင်း” နိုင်ငံပိုင် မီဒီယာက အင်္ဂါနေ့တွင် ဖော်ပြသည်။

“သို့ရာတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ရှိဆဲ ဆောင်ရွက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရမည်”ဟု Global New Light of Myanmar က ဖော်ပြသည်။

၂၀၀၈ ခုနှစ်အတွင်းက မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း နာဂစ် တိုက်ခတ်၍ လူပေါင်း ၁၃၈,၀၀၀ အနည်းဆုံး သေဆုံးခဲ့ရာ ယခင် စစ်အုပ်ချုပ်ရေးက အရေးပေါ် အကူအညီများကို ပိတ်ဆို့ပြီး လူသားချင်း စာနာထောက်ထားရေး ဝန်ထမ်းများနှင့် ထောက်ပံ့မှုများကို ခွင့်ပြုရန် ကနဦးက ငြင်းဆန်ခဲ့သည်ဟု စွပ်စွဲမှုများ ရှိသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကျူးကျော်လာသူများဟု အများစုက သတ်မှတ်ပြီး နိုင်ငံသားဖြစ်ခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်တို့ကို ငြင်းပယ်ခံရသော ရိုဟင်ဂျာ ၆၀၀,၀၀၀ နီးပါး နေထိုင်သည်။

စစ်တွေမြို့အနှံ့က ရိုဟင်ဂျာများကို ထားရှိရာ ဒုက္ခသည်စခန်းများသည် မုန်တိုင်းကြောင့် ပျက်စီးရသည်။

ပြင်ပမှ အကူအညီကို စောင့်နေကြောင်း စစ်တွေမြို့ပြင် ဒုက္ခသည်စခန်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

“ကျွန်တော်တို့ဆီ အဖွဲ့အစည်းတွေနဲ့ အစိုးရ အကူအညီတွေ ခုထိ မရောက်သေးဘူး၊ စခန်းဆီလာတဲ့ လမ်းပေါ်က တံတားတွေ ကျိုးကျတာကြောင့်ပဲ”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

ယင်းဒေသသို့ လာနိုင်ရေး ကြိုးစားနေကြောင်း အာဏာပိုင်များက ၎င်းတို့အား ပြောပြီး ရေကို ကြိုချက်၍ သောက်သင့်သည်ဟု ပြောဆိုကြောင်း ဒုက္ခသည်စခန်းခေါင်းဆောင်က ဆိုသည်။

“ကျွန်တော်တို့ နှစ်ရက်လောက်တော့ တောင့်ခံရမှာပေါ့”ဟု ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.mizzima.com/article/myanmar-residents-hunt-water-un-asks-jun...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly