Quad ရေတပ်ဖွဲ့များက ဩစတြေးလျကမ်းလွန်တွင် Malabar 2023   စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

Quad ရေတပ်ဖွဲ့များက ဩစတြေးလျကမ်းလွန်တွင် Malabar 2023   စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင်ကျင်းပမည့် Quad ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းလိုက်သော်လည်း အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့မှ အင်အားကြီး ရေတပ်များသည် ဩစတြေးလျအရှေ့ဘက်ကမ်းရိုးတန်းတွင် ဩဂုတ်လ ၁၁ ရက်မှ ၂၂ ရက်အထိပြုလုပ်မည့် Malabar 2023    အဆင့်မြင့်   စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သွားမည်ဖြစ်ကာ ပူးပေါင်းစစ်ဆင်ရေး၊ ပင်လယ်ရေကြောင်းဆိုင်ရာဟန့်တားမှုနှင့် အင်ဒို-ပစိဖိတ်ဒေသတွင် လွတ်လပ်စွာ ရေကြောင်းသွားလာမှုလုပ်ဆောင်နိုင်စေရန် စစ်ဆင်ရေးများ လုပ်ဆောင်ကြမည်ဖြစ်သည်။ 

အိန္ဒိယသည် အခြားသော QUAD မဟာမိတ် ၃ နိုင်ငံနှင့် ထောက်ပံ့ပို့ဆောင်ရေး သဘောတူညီချက် ချုပ်ဆိုထားသဖြင့် အိန္ဒိယရေတပ်သည် ၂၀၂၃ မာလဘာရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ၎င်း၏ထိပ်တန်းဖျက်သင်္ဘောများ၊ P 8I ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ဆင်ရေးလေယာဉ်တို့ဖြင့် ပါဝင်မည်ဖြစ်သည်။

 မာလာဘာရေတပ်စစ်ရေးလေ့ကျင့်မှုသည် ၁၉၉၂ ခုနှစ်တွင် အိန္ဒိယ-အမေရိကန် နှစ်နိုင်ငံက ဦးဆောင်၍ စတင်ခဲ့ခြင်းဖြစ်သည်။ ဂျပန်သည် ၂၀၁၅ ခုနှစ်တွင် အမြဲတမ်းမိတ်ဖက်အဖြစ် ပါဝင်ခဲ့ပြီး ဩစတြေးလျသည် ၂၀၂၀ ခုနှစ်တွင် ပူးပေါင်းခဲ့သည်။

တရုတ်က တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်းပြောဆိုကာ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ကဲ့သို့ အာဆီယံနိုင်ငံများနှင့် အငြင်းပွားမှုများဖြစ်ပွားပြီးနောက် အင်ဒိုပစိဖိတ်ဒေသတွင် အတင့်ရဲလာသော  တရုတ်ရေတပ်ကိုရင်ဆိုင်ရန် ရေငုပ်သင်္ဘောတိုက်ဖျက်မှုစစ်ဆင်ရေးများကို လုပ်ဆောင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

တရုတ်ရေတပ်သည် ၎င်း၏နျူကလီးယားစွမ်းအင်သုံး လက်နက်တပ်ဆင်ထားသော သမားရိုးကျရေငုပ်သင်္ဘောများကို လျင်မြန်စွာ တပ်ဖြန့်လျက်ရှိပြီး တရုတ်၏ မဟာဗျူဟာရည်မှန်းချက်မှာ အရှေ့ဘက်ပင်လယ်ကမ်းခြေရှိ  ပထမနှင့် ဒုတိယ ကျွန်းစုတန်းများကို ဖြတ်ကျော်ကာ စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများဖြင့် ဝေးလံသော ပစိဖိတ်ဒေသကို စိုးမိုးရန် ဖြစ်သည်။ တရုတ်စစ်တပ်သည် တောင်တရုတ်ပင်လယ်အတွင်းတွင်း အင်အားကြီးမားသော အမေရိကန်ရေတပ် လှုပ်ရှားခြင်း မပြုနိုင်ရန် အရှေ့ဘက်ကမ်းရိုးတန်းတွင် သမားရိုးကျ DF-21 ဒုံးကျည်အခြေစိုက်စခန်းများကို တည်ဆောက်ထားကာ  ဂူအမ်ရှိ အမေရိကန်ရေတပ်နှင့် စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားရန် DF-26 ဒုံးကျည်များကို အသုံးပြုမည်ဟု ခြိမ်းခြောက်ထားသည်။ 

အိန္ဒိယ-အမေရိကန် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မေလ ၁၇ ရက်တွင် ပြုလုပ်သည့် ၁၇ ကြိမ်မြောက် နှစ်နိုင်ငံ ကာကွယ်ရေးမူဝါဒအဖွဲ့ အစည်းအဝေးတွင် ပြန်လည်သုံးသပ်ခဲ့သည်။ နယ်ပယ်အားလုံးနှင့် ကြည်း၊ရေ၊လေကဏ္ဍများအားလုံးတွင် အတူတကွလုပ်ဆောင်ရန် နှစ်ဖက်တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးပေါင်းစစ်ဆင်ရေးများ အားကောင်းလာစေရေး ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ကြသည်။

ကာကွယ်ရေးမူဝါဒအဖွဲ့အစည်းအဝေးကို အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ဂီရီဒါ အာရာမာနီနှင့် ပင်တဂွန်၏ မူဝါဒဆိုင်ရာ အမေရိကန်ဒုအကြီးကဲ ဒေါက်တာကောလင်းခါးလ်တို့က ပူးတွဲကျင်းပခဲ့သည်။ တာဝန်ရှိသူများသည် လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ တည်တံ့ခိုင်မြဲစေရန် အိန္ဒိယသမုဒ္ဒရာအတွင်း ဦးစားပေးကဏ္ဍများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပြီး အခြားစိတ်တူကိုယ်တူ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ညှိနှိုင်းခဲ့ကြသည်။ ကာကွယ်ရေးဆိုင်ရာ မူဝါဒအဖွဲ့သည် စက်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ရေကြောင်းလုံခြုံရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ရည်မှန်းချက်ကြီးသော အစီအစဉ်တစ်ရပ်ကို တင်ပြဆွေးနွေးခဲ့ကြပြီး ယင်းက  ဟန်ဆောင်မှုကင်းသော မဟာမိတ်များအကြား ခိုင်မာပြီး ပြည့်စုံသော ဆက်ဆံရေးကို ထင်ဟပ်စေသည်ဟု ဆိုသည်။

အိန္ဒိယ၊ ဩစတြေးလျနှင့် အမေရိကန်တို့သည် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ Quad အစီအစဉ်များနှင့်ပတ်သက်၍ ပြတ်ပြတ်သားသားရှိသော်လည်း ဂျပန်သည် စစ်ဆန့်ကျင်ရေးဝါဒီကို လက်လွှတ်ရန်နှင့် တရုတ်တွင် ဂျပန်ကုမ္ပဏီများက ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားသဖြင့် တရုတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရန် တွန့်ဆုတ်နေဆဲဖြစ်သည်။

ဂျပန်နှင့် တရုတ်နှစ်နိုင်ငံစလုံးသည် နျူကလီးယားလက်နက်ပိုင်ဆိုင်သောနိုင်ငံများက နျူကလီးလက်နက်မပိုင်ဆိုင်သည့် မဟာမိတ်မိတ်များကို ကာကွယ်ရေးဟူသော အမေရိကန်၏နျူကလီးယား သဘောတူညီချက်ကို လက်ကိုင်ပြုထားကြပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်ကို သိမ်းပိုက်ရန် တရုတ်စစ်တပ်ကို အမိန့်ပေးလိုက်ပါက ဂျပန်သည် စစ်ရေးအရေးပေါ်အခြေအနေကို အရင်ဆုံး ရင်ဆိုင်ရမည်ဖြစ်သည်။  

Quad navies to participate in Malabar 2023 off Sydney between August 11-22
Source: https://www.hindustantimes.com/world-news/quad-navies-to-participate-in-...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly