ဝင်ရောက်ဖမ်းဆီးစဉ် ခုခံသည့် ပျူစောထီးခေါင်းဆောင်နှင့် မိသားစုကို ပစ်ခတ်ရှင်းလင်း ၊  လက်နက် ၃ လက် သိမ်းဆည်းရမိ

By MTO (မဇ္ဈိမ)
18 May 2023
ဝင်ရောက်ဖမ်းဆီးစဉ် ခုခံသည့် ပျူစောထီးခေါင်းဆောင်နှင့် မိသားစုကို ပစ်ခတ်ရှင်းလင်း ၊  လက်နက် ၃ လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ် ၊ ကျီးကုန်းရွာမှ ပျူစောထီးခေါင်းဆောင် ဦးမြင့်နိုင် နှင့် ၎င်း၏ မိသားစုကို ဝင်ရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ၎င်းတို့ကိုပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာ၀န်ရှိသူထံက သိရသည်။

မေလ ၁၇ ရက်နေ့ မနက် ၃နာရီဝန်းကျင်တွင် ၀င်ရောက်ဖမ်းဆီးစဥ်  ဦးမြင့်နိုင် ၊ ၎င်းအမျိုးသမီးနှင့် သားဖြစ်သူတို့ ကပါ ပြန်လည် ပစ်ခတ်ခုခံခဲ့သဖြင့် သုံးဦးစလုံးကို ပစ်ခတ်ရှင်းလင်းခဲ့ကာ
ပကဖအဖွဲ့မှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။ 

“ ကျီကုန်းရွာက မြင်နိုင်အိမ်မှာပါပဲဗျ။ သူတို့ဘက်ကအဖမ်းမခံဘဲ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။ မိမိတို့ဘက်က ပကဖရဲဘော်တစ်ဦးလည်း ကျဆုံးတယ်လို့ သိရပါတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူက ပြောသည်။

ဦးမြင့်နိုင်တို့ မိသားစုသည် လက်နက်အားကိုးဖြင့် ရွာသားများအား အဓမ္မခြိမ်းခြောက်ကင်းစောင့်ခိုင်းခြင်း ၊ ငွေညှစ်ခြင်းများ ပြုလုပ်သည်ဟု ဒေသခံများထံကသိရသည်။

ဖမ်းဆီးပစ်ခတ်စဥ်က ကာဘိုင်သေနတ် တစ်လက်နှင့် ရှော့ဂန်း နှစ်လက် စုစုပေါင်း သေနတ် သုံးလက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ က ဆိုသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly