နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ မေ  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ မေ  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို မေ ၁၆ ရက်က ပြုလုပ်ခဲ့ပြီး နွေဦးဖွံ့ဖြိုးရေးဘဏ်သည် တော်လှန်ရေးသက်လုံကို ဖြည့်ပေးမည့် ဘဏ္ဍာရေးဒေါ က်တိုင်တစ်ခုဖြစ်ရန် လိုအပ်ပြီး ပြည်သူလူထုအတွက် ဓနဥစ္စာလုံခြုံရေးကို ကူညီအားဖြည့်ပေးမည့် ဘဏ္ဍာရေးထီးရိပ်ဖြစ်ရန် အထူးလိုအပ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။ 

  • အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းနှင့် ဆက်စပ်သည့် နောက်ဆက်တွဲဖြစ်စဉ်များကြောင့် တိုင်း နှင့် ပြည်နယ် ၇ ခုတွင် သေဆုံးသူ စုစုပေါင်း ၄၃၅ ဦးထိ ရှိလာပြီး ပျောက်ဆုံးနေသူများလည်း ရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။ 

  • မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘေးသင့်ပြည်သူ တစ်သန်းခန့် နှင့် နေအိမ် ငါးသိန်းစာအတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) က သတင်းထုတ်ပြန်ထားသည်။ 

  • ရေကြီးရေလျှံမှုဖြစ်စဥ်များက ပြည်သူ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး ဘေးဒဏ်သင့် ဒေသ များက အစားအစာများကို မသန့် ရှင်းမှုတွေ ပိုမို ဖြစ်စေနိုင်ပြီး အကျိုးဆက်များအနေဖြင့် ပြည်သူ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် ရန်ကုန်တိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို မေ ၁၆ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက မေ ၁၇ ရက်၊ နံနက်ပိုင်းက ချီတက် သပိတ်မှောက်ကြကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကာင်စီက ယနေ့ မေ ၁၇ ရက်၊ နေ့လယ် ၂ နာရီ မိနစ် ၅၀ ခန့်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေပြီး ​ဒေသခံ ပြည်သူများ ထိခိုက်နိုင်​ကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောသည် 

  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အကြမ်းဖက်စစ်ယာဉ်တန်းကို မေ ၁၄ ရက်၊ မွန်းလွဲပိုင်းက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် တစ်ခုတည်းတွင် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှု၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရသည့် ပြည်သူပေါင်း ၅၀၀၀၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ 

  • အကြမ်းဖက်စစ်အုပ်စုက သေဒဏ်က‌နေ ထောင်ဒဏ်တစ်သက် ပြောင်းလဲသူ သုံးဆယ် ရှစ်ဦး ထဲတွင် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး ပါဝင်ခြင်း ရှိ၊မရှိ မသိရသေးရကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသား များ သမဂ္ဂထံမှ သိရသည်။ 

  • ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ "ကျက်သရေ ထိုင်ယုတ်နေတဲ့ ဖက်ဆစ်တပ် ပြည်သူအား နဲ့ အမြစ်ဖြတ်" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် မေ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့် စစ်ဘေးရှောင် များ၏ ယာယီတဲများ ပြိုကျပျက်စီးဆုံးရှုံးရမှုကို ပြည်သူ့ တော်လှန်ရေးတပ်ဦး (PRF) မှ ရဲဘော်များမှ ဝိုင်းဝန်းကူညီရှင်းလင်း ပြန်လည်တည်ဆောက်ပေးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ထံမှ သိရသည်။ 

  • ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ စောလုံရွာကို မေ ၁၇ ရက်၊ နံနက် ၄ နာရီခန့်က အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး ကျေးရွာ ဆေးပေးခန်း အပါအဝင် နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း ဘောလခဲ PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ကချင်ပြည်နယ်၊ မိုးကောင်းမြို့ အပါအဝင် PDF အားကောင်းသော နေရာများတင် လက်နက်ဖြင့် အလင်းဝင်လျှင် ဆုငွေ ချီးမြှင့်ဆိုသော စာများ ဓာတ်တိုင်များတွင် စစ်တပ်က တိတ်တဆိတ် လိုက်ကပ်ပြီး ထွက်ပြေးနေကြောင်း မျက်မြင်တွေ့ရှိသူ ပြည်သူများက ပြောသည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မေ ၁၇ ရက်၊ နံနက်က စစ်ကောင်စီတပ်က ကိုယ်ဝန်ဆောင် မိခင် အပါအဝင် ပြည်သူ ၃၀ ထက်မနည်းကို ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။ 

  • ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ မေ ၁၆ ရက်တွင် မင်းအောင်လှိုင်ပုံကို အုတ်ဂူများတွင် ကပ်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ် ခဲ့ကြောင်း သိရသည်။ 

  • ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ တရုတ်သံရုံးရှေ့၌ ဂျပန်ရောက် မြန်မာ နိုင်ငံသားများက မေ ၁၆ ရက်တွင် အကြမ်းဖက် စစ်အုပ်စုကို ထောက်ခံသည့် တရုတ်ကွန်မြူနစ် အစိုးရကို ကန့်ကွက် ကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • KNU ထိပ်ပိုင်း ခေါင်းဆောင်အချို့သည် ဒုစရိုက် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သတ်နေပြီး အရေး ယူ ဆောင်ရွက်ပေးခြင်းမရှိသဖြင့် ၁၇ ကြိမ်မြောက်ကွန်ဂရက်မှ နှုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း KNU - ကရင် အမျိုးသား အစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ (၅) ဌာနချုပ်က မေ ၈ ရက်စွဲဖြင့် ထုတ်ပြန် သည်။ 

  • ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ တိုက်ပွဲများတွင် မေလဆန်း ၁ ရက်ကနေ ၁၅ ရက်ထိ စစ်တပ်ဘက်မှ အရာရှိများအပါအဝင် ၂၆ ဦးသေဆုံးပြီး KNLA ရဲဘော် ၂ ဦးကျဆုံးကြောင်း KNU မူတြော် သတင်းစဉ်က သတင်းထုတ်ပြန်သည်။ 

  • ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ညောင်ပင်သာကျေးရွာခံ ၂၀ဦးကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အယောင်ဆောင်ပြီး ဒေသခံများကို ခေါ်ယူကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်အချို့ စကားသံ ရုပ်သံမှတ်တမ်းကို KNU က ယနေ့ ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် မေ ၁၇ ရက်၊ နံနက် ၃ နာရီခွဲခန့်က လက်နက်ကြီး နှင့် လက်နက်ငယ် သံများဖြင့် အပြန်အလှန် ပစ်ခတ်သံများ ကြားရပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှု ဖြစ်ပွား ခဲ့ ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • KNLA တပ်ရင်း ၈ နယ်မြေရှိ ကျေးရွာများကို မေ ၁၄ ရက်၊ နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာ ၈ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုထံမှ သိရသည်။ 

  • ကရင်နီ (ကယား) ပြည်နယ်၊ ဘောလခဲမြို့နယ်၊ ၁၂ မိုင်ကုန်းအကြား လမ်းတစ်နေရာတွင် စစ်ကောင်စီ တပ် နှင့် ကရင်နီ ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးထက် မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း KNDF ဗဟိုတာဝန်ရှိသူက မဇ္ဈိမကို ပြော သည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊PDF ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်းစီတပ်တို့ မေ ၁၃ ရက်မှစ၍ သုံးရက်ဆက် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်က လေးဦး သေဆုံးပြီး PDF ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။ 

  • “၁၆ ကျည် ၂,၀၀၀” ကမ်ပိန်း ရက် ၂၀ ပြည့်သော်လည်း ကျည် ၁,၆၅၀ သာရရှိသေးသည့်အတွက် ကံစမ်းမဲ ကာလ နောက်ထပ် ၁၀ ရက် ထပ်တိုး လိုက်သည်ဟု ကရင်ပြည်တွင် တိုက်ပွဲဝင်နေသော ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်၏ တပ်ရင်း (၄) က ယနေ့ ထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • ပုဂံသည် နိုင်ငံအတွက် အစားထိုးမရသည့် ရှေးဟောင်းအမွေအနှစ်ဖြစ်၍ ထိခိုက်ပျက်စီး မှုများ မရှိအောင် ထိန်းသိမ်းရမည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က မေ ၁၆ ရက်က ညောင်ဦး ခရိုင်အတွင်း သဘာဝဘေး အန္တရာယ်ထိခိုက်မှု နှင့် ပတ်သက်သည့် အစည်းအဝေးတွင် ပြောသည်။ 

  • ချင်းပြည်နယ်ရှိ မြို့နယ် ၄ မြို့နယ်ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် သတ်မှတ်လိုက်သည်ဟု စစ်ကောင်စီက မေ ၁၆ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။ 

  • ဆိုင်ကလုန်းမုန်တိုင်း  မိုခါ ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မေ ၁၅ ရက်၊ ညပိုင်းအထိ စာရင်းများအရ လူနေအိမ် တစ်သောင်းကျော် နှင့် ဒေသခံ ပြည်သူ ၂၁ ဦး သေဆုံးထားသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။ 

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်ခံရသည့် စစ်တွေမြို့ကို ပို့ဆောင်လိုက်သော ပရီမီယံဒီဇယ်ဆီ ဂါလန်နှစ်သိန်းသည် မေ ၁၆ ရက်က စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းကို ရောက်ရှိပြီဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက သိရသည်။ 

  • ဆိုင်ကလုန်းမိုင်တိုင်း မိုခါ ဝင်ရောက်တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ မြိုနယ်များမှ ဒေသခံပြည်သူများအား အားပေးကူညီရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များ ရခိုင်ပြည်နယ်သို့ ယနေ့ ထွက်ခွာသွားကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန် ကြေညာထားသည်။ 

  • မြန်မာနိုင်ငံအတွင်းက “မိုခါ” မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကုလသမဂ္ဂအေဂျင်စီအနေဖြင့် ကူညီပံ့ပိုးရန် အသင့်ရှိနေသည်ဟု  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် မစ္စနိုရီကိုတာဂါကီက မေ ၁၆ ရက်တွင် စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် နှင့် တွေ့ဆုံရာတွင် ပြောသည်။ 

  • မုန်တိုင်းကျရောက်ခဲ့သည့် ဒေသများ၌ နေထိုင်သူများ တိကျစွာလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များအား စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက မေ ၁၆ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့သည်။ 

  • စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေထံသို့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာ မင်းကြီး ရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် Ms. Noriko Takagi မှ ၎င်း၏ ခန့်အပ်လွှာအား မေ ၁၆ ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။ 

  • ပုဂ္ဂလိကကျောင်းများတွင် နိုင်ငံတော်မူဝါဒ နှင့် ဆန့်ကျင်သည့် ပါတီနိုင်ငံရေး၊ နိုင်ငံရေး အကြောင်း အရာများကို ဟောပြောခွင့်၊ သင်ကြားပို့ချခြင်း၊ ထည့်သွင်းပြောကြားခြင်းများကို မလုပ်ရန် စစ်ကောင်စီ ပုဂ္ဂလိကပညာရေးဥပဒေတွင် ထည့်သွင်းကန့်သတ် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ 

  • စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်များ၏ နေ့သင်တန်းများ အားလုံးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်က စတင်ဖွင့်လှစ်သွားမည်ဟု ကြေညာထားသည်။ 

  • ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က တောင်သူလယ်သမားဦးကြီးများကို ယနေ့ မေ ၁၇ ရက်တွင် အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

  • နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် အင်းအမျိုးသား အဖွဲ့ချုပ် ပါတီ နှင့် ကိုးကန့်ဒီမိုကရေစီ နှင့် ညီညွတ်ရေးပါတီတို့ကို မှတ်ပုံတင် ခွင့်ပြုလိုက်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေ ၁၆ ရက်တွင် ကြေညာလိုက်သည်။ 

  • ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ ကြယ်စင်လင်း စိန်ရွှေရတနာ ရွှေဆိုင်အား မေ ၁၃ ရက်က ဓားပြတိုက်မှု ကျူးလွန်ခဲ့သူများကို နာရီပိုင်း အတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ 

မေ ၁၇ ရက် သုံးသပ်ချက် 

  • နိုင်ငံရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ သင်ကြားပို့ချခြင်းမလုပ်ရန် စစ်ကောင်စီ ခေါင်းဆောင် လက်မှတ်ရေးထိုးပြီး ပုဂ္ဂလိက ပညာရေးဥပဒေကို ပြဋ္ဌာန်းလိုက်သည်ကို ကြည့်ပါက နောက်လာမည့် လူငယ်များကို နိုင်ငံရေး မျက်စိ နားများကို ပိတ်ရန် ကြိုးစားနေခြင်းသာ ဖြစ်ပြီး နိုင်ငံရေး ရေချိန် မြင့်တက်လာမည်ကို စိုးရိမ်နေသည်ကို တွေ့ရသည်။ 

  • စစ်ကောင်စီသည် တော်လှန်ရေး အားကောင်းနေသည့် ကရင်နီဒေသကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့် ဗျူဟာကို ဆက်လက် ကျင့်သုံးပြီး ဖြိုခွဲရန် ကြိုးစားနေသော်လည်း အပြစ်မဲ့ အရပ်သားများသာ ထိခိုက်သေဆုံးနေသည်ကိုသာ တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly