ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်အနီးတွင် ယနေ့ မေလ ၁၆ ရက် နံနက် ၁၀ နာရီဝန်းကျင်က ဝိုင်ဘီအက်စ် ၇၈ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘရိတ်ရှူးငြိပြီးဖြစ်တာ အနောက်အင်ဂျင်ကနေစလောင်တာ။ မီးလောင်တဲ့ ၇၈ ကားပေါ်ကခရီးသည် တွေ ၂၁ ပေါ်ပြောင်းလာရင်း ပြောတာကြားတယ်” ဟု ဝိုင်ဘီအက်ယာဉ် မီးလောင်ရသည့်အကြောင်းနှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိသူက ပြောသည်။
မီးလောင်နေသော ဝိုင်ဘီအက်စ် ၇၈ ယာဉ်အား နောက်တွင်မောင်းနှင်လာသော ဝိုင်ဘီအက်စ် ၂၁ ယာဉ်မှ မီးသတ်ဆေးဗူးဖြင့် ငြှိမ်းသော်လည်း မီးပိုကြီးလာသဖြင့် မီးသတ်ကားများရောက်လာမှ မီးငြှိမ်းသတ်နိုင် ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားသည့်ယာဉ်ကို နံနက် ၁၀ နာရီ ၈ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန က ထုတ်ပြန်သည်။
မီးလောင်ခဲ့သော ဝိုင်ဘီအက်စ် ၇၈ ယာဉ်မှာ အနောက်ပိုင်းတစ်ခုလုံး ပျက်စီးခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူ၏ ပြောပြချက်နှင့် ဓာတ်ပုံအထောက်အထားများအရ သိရသည်။
အဆိုပါယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသော ခရီးသည်များ ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ