ရေဖြူတွင်စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်၍ ဒေသခံများ ထွက်ပြေးနေရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
16 May 2023
ရေဖြူတွင်စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်၍ ဒေသခံများ ထွက်ပြေးနေရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထားဝယ်အထူး စီးပွားရေးဇုန်အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းမှစတင်တိုက်ခိုက်ခဲ့၍ ဒေသခံများထွက်ပြေးနေရ ကြောင်း  သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှစတင်ဗုံးကြဲခဲ့စဉ် ဒေသခံများထိခိုက်မှုမရှိခဲ့ သော်လည်း မေလ ၁၅ နှင့် ၁၆ ရက်တို့တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် နှစ်ရက်ဆက်တိုက် လာရောက်ပျံသန်းခဲ့၍ ဒေသခံများစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရခြင်းဟု သိရသည်။

“ဒီမှာက အကုန်ပြေးနေကြရတာပဲဗျ ဘယ်ရွာမဆို လူမရှိတော့ဘူး။ ခြံထဲပြေးပုန်းနေကြတာပဲ။ ရိက္ခာပြန် လာယူတဲ့အခါ ဖမ်းခံရတာမျိုးတွေရှိတယ်။ စစ်ကိုင်းလိုဖြစ်မှာကြောက်တော့ မလာလည်း ပုန်းနေကြရ တယ်။ ကလေးတွေဆို လေယာဉ်လာရင် လမ်းမှာမဆော့ရဲတော့ဘူး အိမ်အောက်ကိုဝင်ပုန်းနေကြရ တယ်” ဟု နဘုလယ်ဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီ၏မြေပြင်တပ်မှ  ဒေသခံအချို့ကို လမ်းပြအဖြစ် လူသားဒိုင်းပြုလုပ်ကာ ဖမ်းဆီးမှုများရှိလာနေကြောင်းလည်း သိရသည်။

လက်ရှိတွင် ဒေသခံခုနစ်ဦးကိုဖမ်းဆီးပြီးနောက် ငါးဦးကို ပြန်လည်လွတ်ပေးခဲ့ကာ နှစ်ဦးမှာ မျက်နှာကိုဖုံး အုပ်ပြီး ဖမ်းဆီးသွားကြောင်း တနင်္သာရီစစ်ဒေသခွဲ(ကွပ်ကဲရေးအဖွဲ့) ပြန်ကြားရေးထံမှ သိရသည်။
“ဟုတ်တယ် ဖမ်းဆီးခံရတာတွေ ရှိနေတယ်။ နောက်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာလို့ လေးငါးရွာ လောက် စစ်ရှောင်နေရတယ်။ တော်တော်များများ စစ်ရှောင်နေတယ်” ဟု တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေး တာဝန်ခံကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏လေကြောင်းရန်ကြောင့် အဓိကစစ်ဘေးရှောင်ရသည့်နေရာများမှာ ရေဖြူ မြို့နယ်အတွင်းမှ ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ပုဂေါဇွန်း၊ မူးဒူး၊ ဘဝါ၊ နဘုလယ်စသည့် ကျေးရွာ များဖြစ်ကြပြီး အိမ်ထောင်စု ၆၀၀ ကျော်ခန့်ရှိကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထံ မှ သိရသည်။

ရေဖြူမြို့နယ်သည် ကျေးရွာအုပ်စု စုစုပေါင်း ၂၇ အုပ်စုနှင့် ရပ်ကွက်ပေါင်း ၄ ရပ်ကွက် ရှိသည့် မြို့နယ် တစ်ခုဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required