၂၀၂၃ ဟီရိုရှီးမားဆုကို နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI) ရရှိ

၂၀၂၃ ဟီရိုရှီးမားဆုကို နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI) ရရှိ

Edita and Morris Hiroshima Foundation for Peace and Culture သည် ၎င်းတို့၏ ၂၀၂၃ အတွက် ဟီရိုရှီးမားဆု ကို နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့  (Burma News International) ကို ချီးမြှင့်ရန် ဆုံးဖြတ်လိုက်သည်။၊ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (အတိုကောက်် BNI) သည် တိုင်းရင်းသား သတင်းဌာန ၁၅ ဖွဲ့ ဖြင့် ဖွဲ့စည်းထားသော သတင်းအဖွဲ့အစည်းဖြစ်ကာ နိုင်ငံတွင်းနှင့် နိုင်ငံပြင်ပသို့ သတင်းများကို ရဲရင့်စွာ တင်ဆက်နေပြီး ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား သတင်းဖော်ပြနေသကဲ့သို့ နိုင်ငံတကာ ပရိသတ်အတွက်လည်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီး တင်ဆက်နေခြင်း ဖြစ်သည်။

BNI ၏ နှစ်အတော်ကြာအောင် ငြိမ်းချမ်းရေး တည်ဆောက်မှု အားထုတ်မှုများအပြင် အထူးသဖြင့် ၂၀၂၁ ဖေဖော်ဝါရီ၌ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ် ပါဝင်မှုများအတွက် ဟီရိုရှီးမားဆုကို ချီးမြှင့်ခြင်း ဖြစ်သည်။

BNI ကို တိုင်းရင်းသားနှင့် ဒေသတွင်း လွတ်လပ်သော မီဒီယာ လေးခုဖြစ်သော Mizzima News၊ Khonumthung Media Group၊ Kaladan Press Network နှင့် Narinjara News စသည့် မီဒီယာအဖွဲ့အစည်း လေးခုဖြင့် ၂၀၀၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး လက်ရှိအဖွဲ့ဝင်များမှာ Chin World ၊ Development Media Group ၊ Independent Mon News Agency ၊ Kachin News Group ၊ Kaladan Press Network ၊ Kantarawaddy Times ၊ Karen Information Center ၊ Khonumthung News Group ၊ Mizzima News ၊ Myitkyina News Journal ၊ Narinjara News ၊ Network Media Group ၊ Shan Herald Agency for News ၊ Than Lwin Times နှင့် The Voice of Shan Ni တို့ဖြစ်ကြသည်။ BNI ၏ စီမံခန့်ခွဲမှုဒါရိုက်တာ မှာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တရားမျှတတမှု ရှိရေးအတွက် ဆယ်စုနှစ်ချီ လုပ်ကိုင်နေသော လူ့အခွင့်အရေးနှင့် အမျိုးသမီး အခွင့်အရေး စွမ်းဆောင်သူ ဒေါ်တင်တင်ညို ဖြစ်သည်။

၂၀၂၃ ဟီရိုရှီးမားဆုသည် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ခန့် ချီးမြှင့်မည် ဖြစ်သည်။ ဆုပေးပွဲ အခမ်းအနားကို ၂၀၂၃ စက်တင်ဘာတွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း၌ ကျင်းပရန် အစီအစဉ် ရှိသည်။
 

Edita and Ira Morris Hiroshima Foundation for Peace and Culture ကို ဆွီဒင် စာရေးဆရာ Edita Morris (1902-1988) ၏ သေတမ်းစာအရ ၁၉၈၉ တွင် ထူထောင်ခြင်း ဖြစ်သည်။ Edita သည် အမေရိကန်စာရေးဆရာမ Ira Morris (1903-1972) နှင့် လက်ထပ်ပေါင်းသင်းခဲ့သည်။ နျူကလီးယားဗုံး ဒဏ်ရာဒဏ်ချက်များကို ဖော်ပြသည့် Edita Morris ၏ နာမည်အကြီးဆုံး The Flowers of Hiroshima ဝတ္ထုအမည်ကို ယူ၍ ဖောင်ဒေးရှင်းအား အမည်ပေးထားသည်။

ဖောင်ဒေးရှင်းအနေဖြင့် ယဉ်ကျေးမှု နယ်ပယ်တွင် ပါဝင်သော အမျိုးသမီးနှင့် အမျိုးသားများနှင့် ပဋိပက္ခဒေသများတွင် ဆွေးနွေးပွဲများ၊ နားလည်မှုများနှင့် ငြိမ်းချမ်းရေးတို့ကို မြှင့်တင်သူများကို ဆုပေးအပ် ချီးမြှင့်သည်။ ဆုအား ပုံမှန်အားဖြင့် နှစ်နှစ်တစ်ကြိမ် ချီးမြှင့်သော်လည်း ပြောင်းလဲမှု ရှိခဲ့သည်။ ၂၀၂၀ အတွက် ဆုကို ဆိုက်ပရပ်စ်က ငြိမ်းချမ်းရေးအတွက် Bi-Communal Choir အဖွဲ့အား ချီးမြှင့်ခဲ့သည်။ ၂၀၁၈ အတွက် ဆုကို တောင်အာဖရိက လူမျိုးရေး ခွဲခြားမှု တိုက်ဖျက်ရေးတွင် ပါဝင်သည့် တောင်အာဖရိကဖွား ပြဇာတ်ရေးဆရာနှင့် ယဉ်ကျေးမှု တက်ကြွလှုပ်ရှားသူ Mike van Graan အား ချီးမြှင့်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly