ရွေးချယ်တင်မြှောက်ပွဲအလွန် ထိုင်းနိုင်ငံရေး

By ခင်မောင်၀င်း
16 May 2023
ရွေးချယ်တင်မြှောက်ပွဲအလွန် ထိုင်းနိုင်ငံရေး

ခင်မောင်၀င်း၊ ၁၅ မေ ၂၀၂၃

မေလ ၁၄ ရက်က အမတ်နေရာ ၅၀၀ရှိ ထိုင်းနိုင်ငံ အောက်လွှတ်တော် (House of Representatives) အထွေထွေ ရွေးချယ်တင်မြှောက်ပွဲမှာ လူငယ်တွေအကြား ရေးပန်းစား လူကြိုက်များတဲ့ Move Forward Party နဲ့ Pheu Thai ပါတီနှစ်ခုက အမတ်နေရာ ၁၅၁ နဲ့ ၁၄၁ နေရာစီ အသီးသီး အနိုင်ရပြီး အမတ်အများဆုံးအနိုင်ရ ပါတီတွေအဖြစ် အပြတ်အသတ် ရှေ့က ဦးဆောင်နေပါတယ်။ ကြားဖြတ် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ် ချာအိုချာ ဦး ဆောင်တဲ့ United Thai Nation ပါတီက ၃၆ နေရာသာ အနိုင်ရပြီး ပဉ္စမ နေရာမှာသာ ရှိပါတယ်။
 ဒီ ထိုင်းရွေးချယ်တင် မြှောက်ပွဲ ရလဒ်ဟာ နိုင်ငံရေးမှာ စစ်တပ်ကြီးစိုးမှုကို အဆုံးသတ်ဖို့ ထိုင်းပြည်သူတွေ မဲပြားကတစ်ဆင့် ထုတ်ဖေါ် ပြသ တာဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး အကဲခတ်အားလုံးက တညီတညွတ်တည်း ပြောကြပါ တယ်။ ဒါပေမဲ့ ပဉ္စမ နေရာမှာသာရှိတဲ့ ၂၀၁၄ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချာအိုချာ အနေနဲ့ အစိုးရဖွဲ့ပြီး အာဏာ ဆက်ယူနိုင်တဲ့ အခွင့်အလမ်း ပိတ်သွားတာတော့ မဟုတ်သေးပါဘူး။ ထို့အတူ အမတ် အများစု အနိုင်ရထားတဲ့ ပါတီတွေက အစိုးရဖွဲ့ပြီး နိုင်ငံအုပ်ချုပ်ခွင့်ရဖို့ကလည်း တိတိပပ သေချာသေးတာ မဟုတ်ပါ။ 

စစ်အာဏာသိမ်းမှု လွှမ်းမိုးတဲ့ ထိုင်းနိုင်ငံရေး

၁၉၃၂ ခုနှစ် တော်လှန်ရေးအပြီး နိုင်ငံရေးစနစ်ကို သက်ဦးဆံပိုင်ဘုရင်စနစ် (absolute monarchy) ကနေ စည်းမျဥ်းခံ ဘုရင်စနစ် (constitutional monarchy) ကို ပြောင်းလိုက်ပြီးကတည်းက ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှု မကြာခဏ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုတွေ ၁၉၃၂၊ ၁၉၃၃၊ ၁၉၃၉၊ ၁၉၄၇၊ ၁၉၅၁၊ ၁၉၅၇၊ ၁၉၅၈၊ ၁၉၇၁၊ ၁၉၇၆၊ ၁၉၇၇၊ ၁၉၉၁၊ ၂၀၀၆၊ ၂၀၁၄ တွေမှာဖြစ်ခဲ့ပြီး၊ ပေါင်း ၁၃ ကြိမ်ရှိခဲ့တယ်လို့ Thai Enquirer က မှတ်တမ်းတင် ရေးသားပါတယ်။ ပျှမ်းမျှ ခုနစ်နှစ်တစ်ကြိမ် ထိုင်းစစ်တပ်က အာဏာသိမ်းနေတဲ့ သဘောပါ။ ဒါတွေက အောင်မြင်တဲ့ အာဏာသိမ်းမှုတွေရဲ့ စာရင်းဖြစ်ပြီး မအောင်မြင်တဲ့ အာဏာသိမ်းမှု ကိုးခုလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာမှာ စစ်အာဏာသိမ်းမှု အများ ဆုံးနိုင်ငံအဖြစ် စံချိန်တင်ထားပါတယ်။

စစ်အာဏာ သိမ်းပြီးတဲ့အခါ အာဏာသိမ်းအဖွဲ့က အခြေခံဥပဒေ အသစ် ရေးလေ့ရှိပါတယ်။ ၁၉၃၂ ကစလို့ ထိုင်းနိုင်ငံ မှာ လက်ရှိ အခြေခံ ဥပဒေပါအ၀င် အခြေခံဥပဒေ ၁၇ ခုရှိခဲ့တယ်။ ကြားကာလ အခြေခံဥပဒေ (interim constitution) သုံးခုပါ ပေါင်း ရင် ၂၀ ရှိပါတယ်။ စည်းမျဉ်းခံဘုရင်စနစ် စတင်ကျင့်သုံးချိန်ကစလို့ ငါးနှစ်ခွဲတစ်ခါ အခြေခံ ဥပဒေ ပြောင်းနေတဲ့ သဘောပါ။ လက်ရှိ အခြေခံဥပဒေကို ၂၀၁၇ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ပရာယွတ် ချာအိုချာရဲ့ အာဏာသိမ်း အဖွဲ့ National Council for Peace and Order (ငြိမ်းချမ်းရေးနဲ့ ဥပဒေစိုးမိုးရေး နိုင်ငံတော် ကောင်စီ - တစ်နည်း အာဏာ သိမ်းကောင်စီ) က ဦး ဆောင်ရေးခဲ့တာပါ။ 

ထိုင်းနိုင်ငံမှာက ဘုရင်ကို နိုင်ငံတော်အကြီးအကဲ (head of state) နေရာပေးထားရတော့ တိုင်းပြည် အုပ်ချုပ်ရေး အာ ဏာကျင့်သုံးမဲ့ အစိုးရဖွဲ့အကြီးအကဲ (head of government) အဖြစ် ၀န်ကြီးချုပ် (prime minister) ကိုတာ၀န်အပ်နှင်းတဲ့ ပါလီမန်ဒီမိုကရေစီ အစိုးရစနစ် (parliamentary type of government) ကို ကျင့်သုံးပါတယ်။ စည်းမျဉ်းခံ ဘုရင်စနစ် ဖြစ်လာကတည်းက ဒီအစိုးရစနစ် တစ်မျိုးတည်းကို ကျင့်သုံးလာတာပါ။ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးတာ ဘာ မှ မှားတယ်လို့ ပြောမရပါ။ UK ၊ ဂျပန်၊ နော်၀ေး၊ စတဲ့ စည်းမျဥ်းခံဘုရင်စနစ်ရှိတဲ့ နိုင်ငံတိုင်းဟာလည်း ပါလီမန် ဒီမို ကရေစီစနစ်ကို ကျင့်သုံးပါတယ်။ ထိုင်းရဲ့ ပြဿနာက အာဏာသိမ်းစစ်ခေါင်းဆောင်တွေက အာဏာသိမ်းမှု ကာလ အလွန် သူ့တို့ အတွက် အသာစီးရမဲ့ စနစ်တွေကို အခြေခံဥပဒေတွေထဲ ထည့်သွင်းပြဋ္ဌာန်း အတည်ပြု ခဲ့တာတွေပါ။ 

ပါလီမန် ဒီမိုကရေစီ စနစ်အရဆိုယင် အောက်လွှတ်တော်မှာ အမတ်နေရာ ထက်၀က်ကျော်နိုင်တဲ့ပါတီက ၀န်ကြီးချုပ်ကို ရွေးချယ် ပြီး ၀န်ကြီးချုပ်က အစိုးရဖွဲ့ပါတယ်။ တကယ်လို့ တစ်ပါတီထည်းက အမတ်နေရာ ထက်ဝက်ကျော် အနိုင်မရ ရင် ပါတီ နှစ်ခု သို့မဟုတ် ပါတီအများပေါင်းပြီး ညွန့်ပေါင်း အစိုးရ (coalition government) ဖွဲ့ပါတယ်။ အမတ် ၅၀၀ ရှိတဲ့ အောက်လွှတ်တော်မှာ အစိုးရဖွဲ့နိုင်ဖို့ အမတ် ၂၅၁ နေရာပဲ လိုပါတယ်။ Move Forward Party နဲ့ Pheu Thai ပါတီ နှစ်ခု အနိုင်ရ အမတ်တွေပေါင်းလိုက်ယင် ၂၉၂ နေရာရှိတာမို့ နှစ်ပါတီပေါင်း ညွန့်ပေါင်း အစိုးရ သာသာယာယာ ဖွဲ့လို့ရ ပါတယ်။ သူတို့ နှစ်ပါတီကို မဲပေးခဲ့တဲ့ ထိုင်းပြည်သူတွေလည်း ဒီလိုပဲ ဖြစ်စေချင်မှာ။ ဒါပေမဲ့ ၂၀၁၇ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ၀န်ကြီးချုပ်ရွေးချယ်ပုံစနစ်က တခြား ပါလီမန် ဒီမိုကရေစီနိုင်ငံတွေမှာလို ထက်၀က်ကျော် အနိုင်ရယုံနဲ့ ၀န်ကြီးချုပ်ရွေး၊ အစိုးရဖွဲ့နိုင်တဲ့ စနစ်မျိုး မဟုတ်ပါ။

၃၃.၃၃ ရာနှုန်း အသာစီးပေးထားရတဲ့ ထိုင်း၀န်ကြီးချုပ်ရွေးပွဲ

၂၀၁၇ အခြေခံဥပဒေအရ အထက်လွှတ်တော် ဆီးနိတ်မှာ အမတ် ၂၅၀ ဦးရှိပြီး သူတို့ရဲ့ သက်တမ်းဟာ ငါးနှစ်ဖြစ်ပါ တယ်။ ဆီးနိတ်အမတ်တွေဟာ ပြည်သူတွေရွေးချယ်တာမဟုတ်ဘဲ အခုဆက်ဖေါ်ပြမဲ့ နည်းလမ်းနဲ့ ခန့် အပ်ခံရသူ တွေပါ။ ၁၉၄ ဦးကို အာဏာသိမ်းကောင်စီက ရွေးပါတယ်။ အစိုးရ အရာရှိများ၊ ကျောင်းဆရာများ၊ ပညာရှင်များ၊ တရားသူကြီးများ၊ လယ်သမားများ၊ ပုဂ္ဂလိကကဏ္ဍ စတဲ့ နယ်ပယ်တွေက ၅၀ ဦးကို ရွေးပါတယ်။ ကျန် ခြောက်နေရာကို တော့ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န်၊ ရဲချုပ်၊ ကြည်း-ရေ-လေ ဦးစီးချုပ် တို့ အတွက် အသေ သတ်မှတ်ထားပါတယ်။ ထိုင်း ဆီးနိတ်အမတ်တွေဟာ election က လာသူတွမဟုတ်ဘဲ selection က လာသူတွေပါ။ အောက်လွှတ်တော်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်းလို့ရပေမဲ့ ဆီးနိတ်ကို ဖျက်သိမ်းခွင့်မရှိ ငါးနှစ် အပြည့် တာ၀န်ထမ်းဆောင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်။ လက်ရှိဆီးနိတ်အမတ် ၂၅၀ ကို ၂၀၁၇ အခြေခံဥပဒေ က ပေးထားတဲ့ အခွင့်အရေးကို သုံးပြီး ဗိုလ်ချုပ်ကြီး ပရာယွတ် ချာအိုချာရဲ့ အာဏာသိမ်းကောင်စီက ခန့်အပ်ထားပြီး ၂၀၁၉ မေလက စတင် တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ ကြောင့် သူတို့ဟာ ၂၀၂၄ မေလအထိ တာ၀န်ရှိနေမှာ ဖြစ်ပါ တယ်။ 

အဲဒီ ဆီးနိတ် အမတ် ၂၅၀ ဟာ ၀န်ကြီးချုပ်ရွေးပွဲမှာ အောက်လွတ်တော် အမတ်တွေနဲ့အတူ မဲပေးခွင့်ရှိပါတယ်။ ဒါ ကြောင့် ၀န်ကြီး ချုပ်ရွေးဖို့ မဲပေးခွင့်ရှိသူ စုစုပေါင်းဟာ အောက်လွတ်တော်အမတ်က ၅၀၀ ၊ဆီးနိတ်အမတ်က ၂၅၀ စုစုပေါင်း ၇၅၀ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်အဖြစ် အရွေးခံရဖို့ဆိုယင် ၇၅၀ ရဲ့ အများစု ၃၇၆ မဲ ရဖို့ လိုပါတယ်။ ဆီးနိတ်အမတ် တွေဟာ ဗိုလ်ချုပ်ကြီး ပရာယွတ် ချာအိုချာက ခန့်အပ်ထားလေတာ့ ထုံးစံအတိုင်း သူတို့ကို ခန့်အပ်ထားတဲ့ သူကိုသာ မဲပေးတော့တာပေါ့။ မဲ ၇၅၀ မှာ စစ်တပ်လိုလားတဲ့ ၀န်ကြီးချုပ်အတွက် ၂၅၀ ကို အသေ သတ်မှတ်ထားပြီးသားဖြစ် နေတယ်။ တစ်နည်း ၃၃.၃၃ ရာနှုန်း စစ်တပ်က အသာစီး ယူထားပြီးသားဖြစ်နေတယ်။ သာမန်ဒီမိုကရေစီပါတီတွေက စစ် တပ်လိုလားတဲ့ ၀န်ကြီးချုပ်လောင်းကို ၃၃.၃၃ ရာနှုန်း အသာစီးပေးပြီး ယှဥ်ပြိုင်နေရတယ်။ 

၂၀၁၉ ရွေးချယ် တင်မြှောက် ပွဲတုန်းကလည်း ဗိုလ်ချုပ်ကြီး ပရာယွတ် ချာအိုချာရဲ့  Palang Pracharat ပါတီက အမတ် ၁၁၆ နေရာသာ အနိုင်ရပြီး အမတ် ၁၃၆ နေရာ အနိုင်ရတဲ့ ဆူဒါရတ် ကီယူရာဖန် ရဲ့  Pheu Thai နောက်မှာပဲ ရှိခဲ့တယ်။ ဒါပေမဲ့ ဆီးနိတ်မဲ ၂၅၀ ပေါင်းပြီး တခြား၀န်ကြီးချုပ်လောင်းတွေကို ကျော်ဖြတ်ကာ ၀န်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ အောက်လွတ်တော် အမတ်နေရာ ၅၀၀ မှာ ၁၁၆ နေရာ (တစ်နည်း ၂၃ ရာနှုန်း) သာ အနိုင်ရတဲ့ပါတီခေါင်းဆောင်က ၀န်ကြီး ချုပ်ဖြစ်လာပြီး အစိုးရဖွဲ့ တိုင်းပြည်အုပ် ချုပ်သွားတာပါ။ အာဏာသိမ်းထားစဥ်က အမျှော်အမြင်ရှိရှိ စီမံထားခဲ့တဲ့ ၃၃.၃၃ရာနှုန်း အသာစီးယူနိုင်တဲ့ အခွင့်အရေးကို လက်တွေ့ ခံစား ရယူသွားတယ်။

၂၀၂၃ ရွေးကောက်ပွဲအလွန် ဖြစ်လာနိုင်တဲ့ အစိုးရ

Move Forward Party ခေါင်းဆောင် ပီတာ လင်ဂျာရိုရပ် က ဒုတိယအများဆုံးရထားတဲ့ ၀န်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာ၀ပ်ရဲ့ သမီး ပေတွန်တန် ရှင်နာ၀ပ် ဦးဆောင်တဲ့ Pheu Thai ပါတီအပါအ၀င် ပေါင်း ခြောက်ပါတီ၊ အမတ် စုစုပေါင်း ၃၀၉ နေရာနဲ့ ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ ပြင်နေတယ်လို့ မေလ ၁၅ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ သူက ၀န်ကြီးချုပ် တာ၀န်ယူမယ်လို့ ပြောပါတယ်။ အဲဒီညွန့်ပေါင်းဟာ အောက်လွတ်တော်ထဲမှာတော့ အပြတ် အသတ် မဲ အများစုဖြစ်မှာမို့ အစိုးရဖွဲ့ပြီးနောက်ပိုင်း အောက်လွှတ်တော်ကို အသာထိန်းချုပ်ထားနိုင်မယ်ဆိုတာတော့ အငြင်းပွား ဖွယ်မရှိပါ။ အများစု အစိုးရ (majority government) ဖြစ်မှာပါ။ ဒါပေမဲ့ အဲဒါက ၀န်ကြီးချုပ်ရွေး၊ အစိုးရဖွဲ့ နိုင်ပြီး တော့မှ ဖြစ်လာမဲ့ နိုင်ငံရေးဖြစ်နိုင်ခြေပါ။ အဲဒီအဆင့်ကို ရောက်ဖို့ ၀န်ကြီးချုပ်ကို အရင် ရွေးရမှာပါ။ အောက်လွတ် တော်မှာ အမတ် နေရာ ၃၇၆ နေရာ စုစည်းနိုင်ပါမှ ၀န်ကြီးချုပ်ဖြစ်လာမှာပါ။

မေလ ၁၅ ရက် Bangkok Post ရဲ့ အယ်ဒီတာ့ အာဘော်မှာ ဆီးနိတ်အမတ်တွေ လူထုဆန္ဒကို လေးစားလိုက်နာ မှု မရှိ မှာကို စိုးရိမ်ကြောင်းရေးထားပါတယ်။ ဆီးနိတ် အမတ် ၂၅၀ က ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချာအိုချာ အတွက် တစ်လုံးတစ်ခဲတည်း ရပ်တည် မဲပေးနိုင်တာကို လျှော့တွက်လို့ မရဘူးဆိုတာ Bangkok Post က သိထားပုံရတယ်။ အဲဒီ ၂၅၀ မဲနဲ့သာဆို ဗိုလ်ချုပ်ကြီးဟောင်းက နောက်ထပ် ၁၂၆ မဲ ပဲလိုတာ။ သူပါတီက ၃၆ နေရာရထားတော့ နောက်ထပ် အမတ်နေရာ ၉၀ ကို သူ့နဲ့ နီးစပ်တဲ့ မဟာမိတ်တွေကို ညွန့်ပေါင်းလုပ်ဖို့ စည်းရုံးနိုင်ရင် ပြီးပြီ။ အများဆုံးအနိုင်ရတားတဲ့ Move Forward Party က ညွန့်ပေါင်းမှာပါဖို့ လိုက်စည်းရုံးရတဲ့ အမတ်နေရာ ၂၂၀ ကျော်တယ် ဆိုတော့ ဗိုလ်ချုပ်ကြီး ဟောင်းအတွက်က လူစုရတာ ပိုလွယ်ပြီး ၀န်ကြီးချုပ်ဖြစ်လာဖို့နဲ့ အစိုးရဖွဲ့နိုင်ဖို့  အလားအားများသလို ဖြစ်နေတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချာအိုချာ အစိုးရဟာ အောက်လွတ်တော်ထဲမှာတော့ အမတ် အနည်းစု ဖြစ်နေ မှာမို့ လူနည်းစု အစိုးရ (minority government) သာဖြစ်ပါလိမ့်မယ်။ လူနည်းစုအစိုးရဟာ တည်ငြိမ်မှုနည်းပြီး အုပ်ချုပ် ရေး လုပ်ရတာခက်ပါတယ်။

Move Forward Party နဲ့ Pheu Thai ပါတီ ဦးဆောင်တဲ့ ညွန်းပေါင်းအစိုးရပေါ်လာရင်တော့ လူများစု အစိုးရ majority government ဖြစ်ပြီး အစိုးရတည်ငြိမ်နိုင်တယ်။ ဒါပေ့မဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချာအိုချာက အစိုးရဖွဲ့ဖို့ ပို လွယ်နေတယ်။ စစ်တပ်လိုလားထောက်ခံတဲ့ အစိုးရထပ်ဖြစ်လာယင် တည်ငြိမ်မှုနည်းမဲ့အပြင် ထိုင်းပြည်သူအများစုက ထောက်ခံအားပေးထားတဲ့ ဒီမိုကရေစီရွေးချယ်တင်မြှောက်ပွဲ ရလဒ်ဟာလည်း အဟောသိကံ ဖြစ်သွားနိုင်တယ်။ အဲဒီ အခြေအနေကို သွားမလား ပြည်သူ့ဆန္ဒ ဘက်ကရပ်တည်မလားဆိုတာ ထိုင်းဆီးနိတ်အမတ်တွေ ဆုံးဖြတ်ရမဲ့ အချိန် ဖြစ်ပါတယ်။ သူတို့အဆုံးအဖြတ်က တိုင်းပြည် သေရေး ရှင်ရေးနဲ့ ဆိုင်ပါတယ်။ Bangkok Post ခေါင်းကြီးက Respect Voices of the People လို့ ခေါင်းစဥ်တပ်ထားတာဟာ ဆီးနိတ်လွှတ်တော် အမတ်တွေကို သတိပေးလိုက်တာလို့  ယူဆမိတယ်။ ဆီးနိတ်အမတ်တွေဟာ ပြည်သူဖက်က ရပ်တည်ရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပေမဲ့ စိတ်မချ ရလို့ သတိပေးဟန်လည်း တူပါတယ်။ 

အစိုးရသစ် ပေါ်လာဖို့ သုံးလအထိ ကြာနိုင်

၂၀၁၇ အခြေခံ ဥပေဒအရ ရွေးချယ်တင်မြှောက်ပွဲ ကော်မရှင်က တရား၀င် ရလဒ်ကြေညာဖို့ ရက် ၆၀ အချိန်ပေးထား ပါတယ်။ ဒီအတောအတွင်း ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကို ရွေးေကာက်ပွဲအပြီး ရက် ၃၀ အတွင်း တင်သွင်းနိုင် ပါတယ်။ ရွေးကောက်ပွဲ အသုံးစရိတ် (first past the post အမတ်တွေအတွက် ဘတ် ၁.၉ သန်း၊ party list အမတ် တွေအတွက် ပါတီတစ်ခုလုံး ဘတ် ၄၄ သန်း ကန့်သတ်ချက်) ကျော်လွန်ရင် အရည်အချင်းပျက်ယွင်းကြောင်း ကြေညာ ခံရနိုင်ပါတယ်။ တရား၀င် ရွေးချယ်တင်မြှောက်ပွဲ ရလဒ် ကြေညာပြီး ၁၅ ရက်အကြာမှာ လွှတ်တော် နှစ်ရပ်ပေါင်း အမျိုးသားလွှတ်တော် (National Assembly) ရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို ရွေးချယ်ရမယ်။ ပြီးတော့မှ လွှတ်တော် နှစ်ရပ်ပေါင်း National Assembly မှာပဲ ၀န်ကြီးချုပ်ကို ၃၇၆ မဲ ထောက်ခံမှုနဲ့ ရွေးရမယ်။ အရွေးခံရတဲ့ ၀န်ကြီးချုပ်သစ်က ၀န်ကြီး အဖွဲ့ (cabinet) ဖွဲ့စည်းပြီး အတည်ပြုပေးဖို့ ဘုရင်ထံ တင်ပြရပါတယ်။ ပြီးမှ အစိုးရအသစ် အသက်၀င်လာမယ်။ အဲဒီ အဆင့်အားလုံး ပြီးဖို့အတွက် သြဂုတ် လဆန်းအထိ သွားနိုင်တဘ်လို့ The Nation သတင်းစာက မေလ ၁၅ ရက်နေ့က ရေးသာဖေါ်ပြပါတယ်။ 

အခုအချိန်နဲ့ သြဂုတ်လဆန်းအကြားမှာ မခန့်မှန်းနိုင်တဲ့ နိုင်ငံရေးအကွက်တွေ မျိုးစုံတွေ့ရနိုင်တယ်။ ဖြစ်နိုင်ခြေ တစ်ခုက အနိုင်ရ ဒီမိုကရေစီပါတီတွေဖြစ်တဲ့ Move Forward Party နဲ့ Pheu Thai ပါတီတွေနဲ့ သူတို့ပါတီက တင်သွင်းထားတဲ့ ၀န်ကြီးချုပ်လောင်းတွေ ရွေးချယ်တင်မြှောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးခံရပြီး အရည်အချင်းပျက်ယွင်း ခြင်း (disqualification) သတ်မှတ်ခံရတာမျိုးလည်း ဖြစ်နိုင်တယ်။ အလားတူသင်ခန်းစာ ထိုင်းမှာ အများကြီးရှိခဲ့ပြီးပြီ။ အခု အမတ် အများဆုံးအနိုင်ရတဲ့ Move Forward Party ဟာ ၂၀၂၀ ခုနှစ်မှာ ဖျက်သိမ်းခံလိုက်ရတဲ့ Future Forward Party က ပြန်လည်မွေးဖွားလာတာပါ။ အခြား သာမန် ပါလီမန်ဒီမိုကရေစီစနစ်ရှိတဲ့ နိုင်ငံတွေမှာ အောက်လွှတ်တော် ရွေး ကောက်ပွဲပြီးတာနဲ့ ဘယ်ပါတီက ဦးဆောင်ပြီး ဘယ်လိုအစိုးရ ပေါ်လာမယ်ဆိုတာကို အလွယ်ခန့်မှန်းနိုင်ပေမဲ့ ထိုင်း နိုင်ငံမှာတော့ အဲဒီလို ခန့်မှန်းဖို့ မရိုးစင်းပါ။ ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly