ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ Move Forward ပါတီခေါင်းဆောင်က မြန်မာပြည်သူတွေကို ကူညီပြီး Burma Act ကိုအကောင်အထည်ဖော်မယ်လို့ အသိပေး

ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ Move Forward ပါတီခေါင်းဆောင်က မြန်မာပြည်သူတွေကို ကူညီပြီး Burma Act ကိုအကောင်အထည်ဖော်မယ်လို့ အသိပေး

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရရှိခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်က မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံကဖော်ဆောင်ပေးမယ့် Burma Act ကို အကောင်အထည် ဖော်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး ပံ့ပိုးသွားမယ်လို့ ပြောပါ တယ်။

 

ထိုင်းနိုင်ငံရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်က မေလ(၁၅) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အခုလိုပြောခဲ့တာပါ။

 

Burma Act က အရေးကြီးသကဲသို့ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ပြီး စစ်ကောင်စီအပေါ် လုံလောက်တဲ့ ဖိအားနဲ့ မက်လုံးများပေးပြီး ဖြေရှင်းမယ်လို့ သူက ဆိုပါတယ်။

 

မြန်မာပြည်သူတွေကို သူတို့ရဲ့ ကိုယ်ပိုင်ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့ လုံလောက်တဲ့ ရပိုင်ခွင့်တွေ ရရှိစေဖို့ အမေရိကန်ရဲ့ Burma Act အကောင်အထည်ဖော်မှုသာမက ထိုင်းနိုင်ငံရဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်သွားမှာဖြစ်တယ်လို့ ပီတာလင်ဂျာရိုရတ်က ပြောခဲ့ပါတယ်။

 

မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ အရေးကြီးပြီး ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ဆောင်ဖို့ ထိုင်းနိုင်ငံက တွန်းအားပေးမယ်လို့ သူက ပြောပါတယ်။

 

ထိုင်းအထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲအရေအတွက် ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာ Move Forward ပါတီက အောက်လွှတ်တော်မှာ အမတ်နေရာ ၁၅၁ နေရာ အနိုင်ရရှိထားကာ ပထမနေရာတွင် ဦးဆောင်ထားပြီး ပါတီခေါင်းဆောင်ဖြစ်တဲ့ ပီတာလင်ဂျာရိုရတ်က ဝန်ကြီးချုပ်တာဝန်ယူဖို့ အသင့်ဖြစ်နေပြီလို့ ပြောကြားထားပါ တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly