ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက်သို့ စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေး‌လေယာဉ်များ ပျံဝဲနေ

By ကိုရွှေမြိတ် (မဇ္ဈိမ)
15 May 2023
ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက်သို့ စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေး‌လေယာဉ်များ ပျံဝဲနေ

တနင်္သာရီတိုင်းအတွင်းသို့ စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေးလေယာဉ်များ ယနေ့ မေလ ၁၅ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် ထပ်မံပျံဝဲနေကြောင်း တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေး အဖွဲ့-ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏လေတပ်မှ ရဟတ်ယာဉ်တစ်စီး မြေပြင်မှပေ ၂၀၀ ခန့် အမြင့်တွင် စက်သေနတ်များဖြင့် အသင့်ချိန်ရွယ်လှည့်လည်ပျံသန်းခဲ့သည့်အပြင် မွန်းလွဲပိုင်းတွင် ဂျက် ဖိုက်တာလေယာဉ်တစ်စီး ပျံသန်းလှည့်လည်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရ သည်။

ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိရာ နဘုလယ်ဒေသတစ်ဝိုက်ကို မေလ ၁၄ ရက် နံနက်ပိုင်းက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က တိုက်ခိုက်ရေး လေယာဉ် Jet Fighter အမျိုး အစားဖြင့် ဗုံးနှစ်လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန် ကြားရေးတာဝန်ခံကပြောသည်။

“လက်ရှိအချိန်ထိတော့ စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲတာ ဒေသခံတွေရော အရပ်ဖက် အဖွဲ့စည်းတွေအပြင် ရဲဘော်တွေ လုံး၀ထိခိုက်မှု မရှိပါဘူး”ဟု တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ကောင်စီက ယခုကဲ့သို့ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုပြုလုပ်ခြင်းသည် နယ်မြေစိုးမိုးထားနိုင် ခြင်းမရှိတော့သည့် အနေအထားအားဖော်ပြသကဲ့သို့ ဖြစ်နေကြောင်း ၎င်းကဆိုသည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် ပုလောမြို့နယ်နှင့်တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်းရန် ကြိုတင် ပြင်ဆင်ကာစစ်ရေးသတိဖြင့်နေထိုင်ကြပါရန် စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့များက သတိပေးထုတ်ပြန်ထား သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း

#စစ်ကောင်စီ

#ရဟတ်ယာဉ်

#လေကြောင်းတိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly