မဏိပူရ် အကြမ်းဖက်မှုနောက်ကွယ်၌ မြန်မာအခြေပြု မူးယစ်ရာဇာများနှင့် တရားမဝင် ရွှေ့ပြောင်းအခြေချသူများ ရှိနေဟု ပြည်နယ်အစိုးရ ပြော

By Deccanherald
15 May 2023
မဏိပူရ် အကြမ်းဖက်မှုနောက်ကွယ်၌ မြန်မာအခြေပြု မူးယစ်ရာဇာများနှင့် တရားမဝင် ရွှေ့ပြောင်းအခြေချသူများ ရှိနေဟု ပြည်နယ်အစိုးရ ပြော
Photo - AFP

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၌ လူ ၇၁ ဦး သေဆုံးခဲ့ပြီးဖြစ်သည့် အကြမ်းဖက်မှု၏ နောက်ကွယ်တွင် မြန်မာအခြေစိုက် မူးယစ်ရာဇာများနှင့် မြန်မာနိုင်ငံမှ လာသော “တရားမဝင် ရွှေ့ပြောင်းအခြေချသူများ” ပါဝင်ပတ်သက်နေသည်ဟု မဏိပူရ်ပြည်နယ်၏ BJP ပါတီအစိုးရက ပြောဆိုသည်။ မဏိပူရ်ပြည်နယ်တွင် လက်ရှိဖြစ်ပွားဆဲဖြစ်သည့် ကူကီးလူမျိုးများနှင့် ကသည်းလူမျိုးများအကြား ပဋိပက္ခ အဓိကရုဏ်းနှင့်ပတ်သက်၍ အဆင့်မြင့်လယ်ဗယ် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို လုပ်ဆောင်လျက် ရှိသည်။

ကသည်း (Meiteis) များကို အထူးသီးသန့် လူမျိုးစု အဆင့်အတန်း ပေးမည့် ကိစ္စကို ဆန့်ကျင်ကန့်ကွက်ခြင်းက မေလ ၃ ရက် ပဋိပက္ခများကို ဖြစ်စေသည့် အကြောင်းရင်းအဖြစ် ပြောဆိုမှုများ ရှိနေချိန်မှာပင် မြန်မာအခြေပြု မူးယစ်ရာဇာများနှင့် မဏိပူရ်၏ ကူကီးလူမျိုးစု လွှမ်းမိုးသည့် တောင်ကုန်းများရှိ ဘိန်းစိုက်သူများက ယခုပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော် မီးမွှေးခဲ့ခြင်း ဖြစ်သည်ဟု မဏိပူရ် ပြည်နယ်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက Deccanherald ကို ပြောသည်။

“မဏိပူရ်ရဲ့ သစ်တောတွေထဲနဲ့ တောင်ကုန်းတွေပေါ်မှာ ဘိန်းစိုက်ပျိုးမှုတွေ အကြီးအကျယ် ရှိနေတာကို ဂြိုဟ်တုရုပ်ပုံတွေအရ ထောက်လှမ်းသိရှိထားတယ်။ ဒါကြောင့် ပြည်နယ်ဝန်ကြီးချုပ် အန် ဘီရန် ဆင်းဂ်က သူရဲ့ မူးယစ်နှိမ်နင်းရေးစစ်ပွဲအောက်မှာ ဘိန်းစိုက်ပျိုးမှုကို ဖျက်ဆီးဖို့ ကြိုးပမ်းမှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တာဖြစ်တယ်။ ၂၀၁၇ ခုနှစ်နောက်ပိုင်း ဘိန်းစိုက်ဧကပေါင်း ၁၈,၀၀၀ ကျော်အထိ ဖျက်ဆီးထားနိုင်ခဲ့တယ်။ ဒါက မဏိပူရ်မှာ မြန်မာတွေ လုပ်ကိုင်တဲ့ မူးယစ်ဆေးဝါး လုပ်ငန်းနဲ့ ဘိန်းစိုက်ပျိုးမှုအပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့တယ်”

“ဒီနှစ်မှာ ဖြိုခွင်းနှိမ်နင်းမှုတွေကြောင့် ဘိန်းကို မရိတ်သိမ်းနိုင်ခဲ့ဘူး။ ဒါကြောင့် မူးယစ်မာဖီးယားတွေနဲ့ ဘိန်းစိုက်သူတွေဟာ ငွေကြေး အကြီးအကျယ် ဆုံးရှုံးခဲ့ကြတယ်။ ဒါကြောင့် သူတို့ဟာ မူးယစ်ဆေးဝါးအပေါ် နှိမ်နင်းတိုက်ဖျက်တာကို ရပ်တန့်သွားစေဖို့နဲ့ ပြဿနာ ဖန်တီးဖို့ အခွင့်အလမ်းတစ်ခုကို ရှာနေခဲ့ကြတာပါ” ဟု အမည်မဖော်လိုသူ မဏိပူရ်အစိုးရ အရာရှိတစ်ဦးက ပြောသည်။

ဘိန်း တစ်ဧကသည် စိုက်ပျိုးသူတစ်ဦးအတွက် အနည်းဆုံး ရူပီး ၈ သိန်း ရရှိစေသည်ဟု ၎င်းက ပြောသည်။ “စိမ့်ဝင်နိုင်တဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကနေတဆင့် ဒီဘိန်းတွေကို မြန်မာဘက်ကို သယ်ပါတယ်။ အဲဒီမှာ ဘိန်းဖြူ ပြန်ထုတ်လုပ်ပြီး အဲဒီနောက် တခြားအရှေ့တောင်အာရှ ဈေးကွက်တွေကို မှောင်ခိုကူးပါတယ်” ဟု ၎င်းက ပြောသည်။ မူးယစ်ကုန်သည်များသည် ပြည်တွင်းနိုင်ငံရေးသမားတချို့နှင့် လက်နက်ကိုင်အဖွဲ့တချို့၏ ထောက်ခံမှုကို ရထားသည်ဟုလည်း ၎င်းက ပြောသည်။

ဘိန်း စိုက်ပျိုးမှုကို ကန်ပေါ့ပီ၊ ချူရာချန်ဒ်ပူရ်၊ ကမ်ဂျုံ နှင့် ချန်ဒဲလ် ခရိုင်တို့တွင် အများဆုံး ထောက်လှမ်းတွေ့ရှိထားခဲ့သည်ဟု ၎င်းက ပြောသည်။

ထို့ပြင် မဏိပူရ်၏ တောင်ကုန်းများပေါ်တွင် အခြေချသည့် မြန်မာမှ “တရားမဝင် ရွှေ့ပြောင်းအခြေချသူများ” ကို စုံစမ်းထောက်လှမ်းရန် ဘီရန် ဆင်းဂ် အစိုးရ၏ ကြိုးပမ်းချက်က ယခု အကြမ်းဖက်မှုကို ဦးတည်စေသည့် အခြားသော အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်ဟု ၎င်းက ပြောသည်။ ပြည်နယ်အစိုးရက မကြာသေးခင်က လုပ်ဆောင်ခဲ့သည့် စိစစ်အတည်ပြုမှု လုပ်ဆောင်ချက်အတွင်း တန်နိုပယ်လ်၊ ချူရာချန်ဒ်ပူရ်၊ ကန်ဂျုံနှင့် ချန်ဒဲလ် ခရိုင်များရှိ ကျေးရွာ ၄၁ ခုတွင် “တရားမဝင် ရွှေ့ပြောင်းအခြေချသူ” ၂,၁၈၇ ဦးကို တွေ့ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

“မြန်မာနိုင်ငံမှာ မငြိမ်မသက်မှု ဖြစ်တာကြောင့် မြန်မာဘက်ကနေ ရွှေ့ပြောင်းအခြေချသူတွေ အလုံးအရင်းနဲ့ ဝင်ရောက်မှုကို ဖြစ်စေခဲ့ပါတယ်။ အဲဒါကြောင့်လည်း ကသည်းတွေနဲ့ နာဂတွေအပါအဝင် ဒေသခံပြည်သူတွေအကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်စေခဲ့တယ်။ ဒါပေမယ့် တရားမဝင် ရွှေ့ပြောင်းတွေကို စုံစမ်းထောက်လှမ်းဖို့ ဝန်ကြီးအဖွဲ့ ကော်မတီခွဲတစ်ခု အစိုးရက ဖွဲ့ပြီးနောက် ကူကီး အဖွဲ့အစည်းတချို့က ဒါနဲ့ပတ်သက်လို့ မပျော်မရွှင်ဖြစ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။ မဏိပူရ် အစိုးရသည် မကြာသေးခင် မြန်မာဘက်မှ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများကို နေရာချထားပေးရန် ကမ့်စခန်းတချို့ ထူထောင်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် မဏိပူရ် မျိုးနွယ်စုအားလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ATSUM) ၏ ဥက္ကဋ္ဌ ပါအိုတင်တန် လုဖအောင်းက Deccnherald ကို ဖုန်းဖြင့် ပြောဆိုရာတွင် မဏိပူရ် ပြည်နယ်အစိုးရ အရာရှိ၏ ပြောဆိုချက်များကို လက်မခံဘဲ ပယ်ချသွားသည်။ “ဒါတွေအားလုံးက လုပ်ကြံပြောဆိုတာဖြစ်ပြီး မမှန်ကန်ပါဘူး။ အစိုးရဟာ ကသည်းတွေဘက်ကနေ ဘက်လိုက်နေပြီး ကူကီးလူမျိုးစုတွေအပေါ် ပစ်မှတ်ထားနေတာပါ။ ပဋိပက္ခတွေက တချို့နေရာတွေမှာ ဆက်ဖြစ်နေဆဲပါ။ အခြေအနေက ပြန်ပြီး ပိုဆိုးလာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

မဏိပူရ်ပြည်နယ်လူဦးရေ၏ ၅၃ ရာခိုင်နှုန်းခန့် ရှိသည့် ဟိန္ဒူ ကသည်းများကို အထူး လူမျိုးစုအဆင့်အတန်း ခွင့်ပြုမည့် အစီအစဉ်တစ်ရပ်ကို ဆန့်ကျင်ဆန္ဒပြသည့် ATSUM စီစဉ်သော “စည်းလုံးညီညွတ်သည့် ချီတက်ပွဲ” အပြီး မေလ ၃ ရက်တွင် ချူရာချန်ဒ်ပူရ် ခရိုင်တွင် လူမျိုးရေး ပဋိပက္ခ အဓိကရုဏ်းများ စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly