ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခိုက်မှုကြောင့် CDF – Ton Zang ဌာနချုပ်ရှိ အဆောက်အဦးများ ပျက်စီး 

By ပါခွီး (မဇ္စျိမ)
15 May 2023
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခိုက်မှုကြောင့် CDF – Ton Zang ဌာနချုပ်ရှိ အဆောက်အဦးများ ပျက်စီး 

ချင်းပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခိုက်မှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) CDF – Ton Zang ဌာနချုပ်ရှိ အဆောက်အဦးများ ပျက်စီးသွားကြောင်း သိရသည်။

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်တွင် မိုးသက်လေပြင်းများကျရောက်သဖြင့် စခန်းရှိအဆောက်ဦး ခုနစ်လုံး ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

“အဆောက်အဦး ခုနစ်လုံးက အိမ်၊ အမိုး အားလုံးပျက်စီးသွားတယ်။ မိုးထဲလေထဲ ရန်သူကင်းထောက် လေယာဉ်လာလို့ ရဲဘော်တွေ တိမ်းရှောင်ရခဲ့သေးတယ်” ဟု CDF – Ton Zang ပြောရေးဆိုခွင့်ရှိသူ ထန်ဆွင်းမုန် က မဇ္စျိမ ကိုပြောသည်။ 

စစ်ကောင်စီတပ်မှ ကင်းထောက်လေယာဉ် ဌာနချုပ်အနီးသို့ သုံးကြိမ်ခန့်ပျံဝဲလာသဖြင့် ရဲဘော်များ တိမ်း ‌ရှောင်ခဲ့ရကြောင်း ဆိုသည်။ ဌာနချုပ်ရှိစခန်းများ ပျက်စီးသွားခဲ့သဖြင့် ရဲဘော်များမှာ ဗုံးခိုကျင်းများတွင် နေထိုင်နေရကြောင်း သိရသည်။

စခန်းရှိ ဆန်အပါအဝင် ရိက္ခာများလည်းပျက်စီးဆုံးရှုံးနိုင်ကြောင်းနှင့်ပျက်စီးမှုတန်းဖိုး သိန်း ၁၀၀ ဝန်းကျင် ခန့်ရှိနိုင်ကြောင်း ဆိုသည်။

အလားတူ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”တိုက်ခတ်မှုကြောင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) တပ်မဟာ(၁)တွင် ဆိုလာအပါအဝင် အဆောက်အဦးများ အားလုံးပျက်စီးသွားကြောင်း တပ်ဖွဲ့တာဝန်ရှိသူ ထံမှ သိရသည်။

ဖလမ်းမြို့တွင်း၌ မိုးပုံမှန်ရွာသွန်းမှုသာရှိခဲ့ပြီး လေပြင်းတိုက်ခိုက်ခြင်းမရှိသည့်အတွက် အပျက်အစီး ကြီး ကြီးမားမားမရှိကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်းခါရာသည် ချင်းပြည်နယ်ကိုဖြတ်ကျော်ပြီးနောက် မြန်မာနိုင်ငံအရှေ့မြောက်ဘက်သို့ ရွေ့လျားသွားပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့အနီးမှ ဆက်လက်ရွေ့လျားနေကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly