ညောင်ပင်သာရွာတွင်  မီးရှို့သတ်ဖြတ်ခံထားရသည့် ဒေသခံ ဦးရေ ၂၀ ၏ ရုပ်အလောင်းတွေ့ရှိ ဟု KNU ပြော 

ညောင်ပင်သာရွာတွင်  မီးရှို့သတ်ဖြတ်ခံထားရသည့် ဒေသခံ ဦးရေ ၂၀ ၏ ရုပ်အလောင်းတွေ့ရှိ ဟု KNU ပြော 

ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ တပ်မဟာ (၃) နယ်မြေ ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် စစ်ကောင်စီက အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည့် ဒေသခံ ဦးရေ ၂၀ ၏ ရုပ်အလောင်းကို တွေ့ရှိထားသည်ဟု KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးထံက သိရသည်။ 

 စစ်ကောင်စီနှင့် တပ်မဟာ (၃) KNLA ပူးပေါင်းတပ်ဖွဲ့တို့ မေလ ၁၀ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီး  ထိုနေ့ ည ၈ နာရီ ၀န်းကျင်တွင် စစ်ကောင်စီတပ်သားများက  ညောင်ပင်သာကျေးရွာအတွင်း ဝင်ရောက်၍ မီးရှို့ခဲ့ကြောင်း ၎င်းက ဆိုသည်။  

ထို့နောက် မေလ ၁၁ ရက်တွင် တပ်မဟာ (၃) KNLA လက်အောက်ခံစစ်ကြောင်းက ညောင်ပင်သာကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းခဲ့ရာမှ  ဒေသခံများ မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများကို  တွေ့ရခဲ့ပြီး လက်ရှိတွင်လည်း နယ်မြေခံတာဝန်ရှိသူများအနေဖြင့် ပျောက်ဆုံးနေသည့် ဒေသခံစာရင်းအား လိုက်လံကောက်ယူနေဆဲဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ရထားတဲ့သတင်းအရ လူအယောက် ၂၀ လောက်တော့ရှိပြီ။ အဲ့ဒီထဲမှာ ကရင်လေးယောက်လည်း ပါတယ်။ အခုချိန်ထိ ရှာလို့မရသေးတာတွေလည်း ရှိနေသေးတယ်" ဟု KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးက မဇ္ဈိမကိုပြောသည်။ 

KNU နယ်မြေအတွင်း ဖြစ်ပွားခဲ့သော ယခုဖြစ်စဉ်အတွက် အချက်အလက်စုဆောင်းခြင်း၊ အပျက်အစီးများအား စီစစ်ခြင်းတို့ကို ပြုလုပ်နေပြီး စစ်ကောင်စီ ကျူးလွန်ခဲ့သော ရာဇဝတ်မှုအတွက် တာဝန်ခံရမည်ဖြစ်ပြီး တရားမျှတမှုရရှိရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

KNU ၏ ထုတ်ပြန်ချက်အရ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရသည့်ထဲတွင် အသက်မပြည့်သေးသော ကလေးငယ် လေးဦးအပါအဝင် အမျိုးသားရှစ်ဦး၊ အမျိုးသမီး ၁၁ ဥိီး စုစုပေါင်း ၁၉ဦးအား မီးရှို့သတ်ဖြတ်ခဲ့ပြီး အမျိုးသားတစ်ဦးအား ညောင်ပင်သာကျေးရွာ သင်္ချိုင်းဝန်းအတွင်း သတ်ဖြတ်ခဲ့ကြောင်း တွေ့ရသည်။ 

" ဒီလိုဖြစ်စဉ်မျိုးကို KNU နယ်မြေတွေမှာ တော်တော်များများ ကြုံလေ့ရှိပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို ဗမာစစ်တပ်က အရင်တုန်းက ခဏခဏ ကျူးလွန်လေ့ရှိတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်းပဲ ဒီလိုမျိုးပုံစံတွေက ကျွန်တော်တို့ဒေသမှာ ရှိနေဆဲပဲဖြစ်တယ်" ဟု KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးက ပြောသည်။

တပ်မ (၄၄) ဦးဆောင်သော စုပေါင်း စစ်ကြောင်းသည် မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးသို့ ထိုးစစ်ဆင် ဝင်လာသဖြင့် မေလ ၁၀ ရက် ညနေ ၅ နာရီဝန်းကျင်တွင် တပ်မဟာ (၃) KNLA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ  ဗိုလ်ကြီးတစ်ဦး၊ ဒု- ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦးသေဆုံးခဲ့ပြီး ၎င်းတို့အထိနာခဲ့သဖြင့် စစ်ကောင်စီတပ်သည် ညောင်ပင်သာကျေးရွာအတွင်း ဝင်ရောက်၍ ကျေးရွာမီးရှို့မှု ပြုလုပ်ခဲ့ကြသည်ဟု ယူဆကြောင်း KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးထံက သိရသည်။ 

" ဖြစ်စဉ်က တပ်မ ၄၄ ဦးဆောင်တဲ့ စုပေါင်းစစ်ကြောင်းက ကျွန်တော်တို့ရဲ့ နယ်တွေကို ရောက်ရှိလာတာဖြစ်တယ်။ သူတို့ရောက်လာပြီး ညနေ ၅ နာရီကျော်လောက်မှာ ကျွန်တော်တို့တပ်ဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်တယ်။ အဲ့ဒီမှာ သူတို့ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ငါးဦးကျတယ်။ အဲ့ဒါကြောင့်မို့ အဲ့ဒါကို မကျေနပ်လို့လို့ ကျွန်တော်တို့ယူဆလို့ရတယ်။ အနီးဆုံးဖြစ်တဲ့ ညောင်ပင်သာရွာထဲ ဝင်ပြီးတော့မှ ရွာမီးရှို့မှုတွေဖြစ်တယ်" ဟု KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးက ဆက်လက်ပြောဆိုသည်။

ယခုဖြစ်စဉ်ကဲ့သို့သော ကိစ္စရပ်များသည် စစ်ကောင်စီတပ်က ကျူးလွန်လေ့ရှိသော ပြစ်မှုပုံစံမျိုးဖြစ်ပြီး KNU နယ်မြေများတွင် တွေ့ရလေ့ရှိကြောင်း သိရသည်။

ထို့ပြင် ရေအိုးစည်ကျေးရွာမှ ဒေသခံ ခုနစ်ဦးအား မေလ ၁၀ ရက်နေ့မှစ၍ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားရာ ယနေ့အထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းတွင်လည်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် KNU နယ်မြေများတွင် နေထိုင်သော ဒေသခံပြည်သူ ၁၄ ဦးသေဆုံးပြီး ဒေသခံ  ဦးရေ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်၏ အကြောင်းမဲ့ဖမ်းဆီးခြင်းခံရသူ ၁၆ ဦးရှိပြီး ထိုအနက် နှစ်ဦးမှာ စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

စာတည်း ။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly