မင်းတပ်တွင် မုန်တိုင်းရှိန်ကြောင့် မိုးပြင်းထန်ရွာနေချိန် စစ်ကောင်စီက ဗုံးကြဲသွား

By ကိုခင်မောင်(မဇ္ဈိမ)
13 May 2023
မင်းတပ်တွင် မုန်တိုင်းရှိန်ကြောင့် မိုးပြင်းထန်ရွာနေချိန် စစ်ကောင်စီက ဗုံးကြဲသွား

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်း မိုးပြင်းထန်စွာရွာသွန်းနေချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်ထံက သိရသည်။

ယမန်နေ့ မေလ ၁၂ ည၈နာရီအချိန်ခန့် မိုးသည်းသည်းမဲမဲရွာနေစဉ် မင်းတပ်မြို့နယ် ကျေးရွာများပေါ်သို့ ဂျက်ဖိုက်တာတစ်စီးသည် သုံးကြိမ်ပျံဝဲလာပြီးနောက် ဗုံးကြဲသံကြားခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“မနေ့ညကပဲ လေယာဉ်ဝဲလာပြီးမှ တောတိုက်တစ်နေရာမှာ ဗုံးကြဲသွားတယ်။ လေယာဉ်ဝဲပြီး ဗုံးကြဲတဲ့အသံကိုတော့ အားလုံးကြားလိုက်တယ်။ ဗုံးကျရောက်ပေါက်ကွဲတဲ့နေရာတော့ ကျတော်တို့လည်း သေချာမသိရသေးဘူးခင်ဗျ။ စုံစမ်းနေဆဲပါ” ဟု ဆလိုင်းယောမာန်က မဇ္ဈိမသို့ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် မင်းတပ် မြို့နယ်တွင် ထိခိုက်ပျက်စီးမှု အခြေနေကို အသေးစိတ် မသိရသေးကြောင်း ၎င်းကဆိုသည်။

“ အော်မုန်တိုင်းရှိတယ်။ မိုးသဲသဲမဲမဲရွာနေတယ် ဆိုပြီး လေယာဉ် မကြောက်ရတော့ဘူးထင်တာ၊ Jet fighter တစ်စီးက ဗုံးလာကြဲသေးတယ်။ ပျက်ပါစေကွာ”ဟု မင်းတပ်မြို့နယ်ထဲတွင် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသော ဒေါက်တာအေးငြိမ်းသူ (ခေါ်) အငြိမ်းက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။

မင်းတပ်မြို့နယ်သတင်းများကို ရေးသားဖော်ပြနေသော မင်းတပ်ဒေသခံ ကိုHKL MINDAT ကလည်း ယမန်နေ့ညက ဂျက်ဖိုက်တာလာသဖြင့် ခက်ခက်ခဲခဲ ရွံ့အိုင်ကြား ပြေးပုန်းရကြောင်း၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ ၊ ကိုယ်ဝန်သည်မိခင်များအတွက် အလွန်စိုးရိမ်ရကြောင်း ၎င်းရဲ့ လူမှုကွန်ရက်တွင် ရေးတင်ထားသည်။

မင်းတပ်မြို့နယ်အတွင်းရှိ ဒေသခံများအနေဖြင့် မိုခါမုန်တိုင်း (Mocha Cyclone) သတင်းကို ကြိုတင်နားစွင့်ပြီး အကာအကွယ်ပေးနိုင်သော နေရာများတွင် နေထိုင်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့( မင်းတပ်)တို့က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#စစ်ကောင်စီက ဗုံးကြဲ

# မင်းတပ်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly