ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးရှိ စစ်ကောင်စီ၏ မဲပလီစခန်းအား တပ်မဟာ (၁) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု (TPDF) တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ယနေ့ မေလ ၁၃ ရက် နေ့လယ် ၁၂ နာရီကျော်တွင် မဲပလီစစ်ကောင်စီစခန်းအား တပ်မဟာ (၁) KNLA၊ PDF ၊ TPDF၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD ၊ Ygn Eagle Force ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးလေးလုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
" စခန်းတွင်းက အဆောက်အအုံတချို့နဲ့ ဆက်သွယ်ရေးမြောင်းတွေနားကို ကျရောက်ပေါက်ကွဲတယ်လို့သိရပါတယ်ခင်ဗျ" ဟု TPDF တာဝန်ခံက မဇ္ဈိမကိုပြောသည်။
ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်မှုတွင် မဲပလီစစ်ကောင်စီစခန်းအတွင်းရှိ အဆောက်အအုံအချို့နှင့် ဆက်သွယ်ရေးမြောင်းများအနီးသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်မှ အပျက်အစီး၊ အထိအခိုက်၊ သေဆုံးမှုများအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း ထိုစခန်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းရှိကြောင်း သိရသည်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၈ )လက်အောက်ခံ မဲပလီစစ်ကောင်စီစခန်းသည် စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါသော တပ်စခန်းတစ်ခုဖြစ်သည်။
သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု (TPDF) အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်စခန်းများအား ယခုထက်ပို၍ တိုက်ခိုက်သွားရန် အစီအစဉ်ရှိကြောင်း TPDF တာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့၊ ညနေပိုင်းကလည်း ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲစခန်းအား PDF ၊ TPDF၊ KRF၊ PPDF-KD၊ ဘီးလင်း ပ.က.ဖ၊ ကျိုက်ထို ပ.က.ဖ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး လေးလုံးကြဲချတိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်းရှိ ရဲတစ်ဦးသေဆုံး၍ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
# KNU တပ်မဟာ (၁) နယ်မြေ
#ဒရုန်းဖြင့် တိုက်ခိုက်