မုန်တိုင်းသတင်းကို နားစွင့်ပြီး အကာအကွယ်ပေးနိုင်သော နေရာများတွင် သတိပြုနေထိုင်ကြရန် CDF-မင်းတပ်  တိုက်တွန်း 

By  ကိုခင်မောင် (မဇ္ဈိမ)
13 May 2023
မုန်တိုင်းသတင်းကို နားစွင့်ပြီး အကာအကွယ်ပေးနိုင်သော နေရာများတွင် သတိပြုနေထိုင်ကြရန် CDF-မင်းတပ်  တိုက်တွန်း 

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ ဒေသခံများအနေဖြင့် မိုခါမုန်တိုင်း (Mocha Cyclone) သတင်းကို ကြိုတင်နားစွင့်ပြီး အကာအကွယ်ပေးနိုင်သော နေရာများတွင် နေထိုင်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့( မင်းတပ်)တို့က  ထုတ်ပြန်သည်။

အခုရက်သတ္တပတ်အတွင်း မင်းတပ်မြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ မိဘပြည်သူများအနေဖြင့် လေပြင်းမုန်တိုင်းသတင်းကို နားစွင့်ပြီး အကာအကွယ်ပေးနိုင်သောနေရာများတွင် အထူးသတိပြု နေထိုင်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)က တိုက်တွန်းထားသည်။ 

“အခုက တောင်ယာခင်းထဲမှာ တောင်ယာတဲတွေထိုးပြီးတော့ စပါးစိုက်တဲ့အချိန်ဆိုတော့ မုန်တိုင်းဝင်လာရင်  တောင်ယာတဲတွေက မခံနိုင်ဖို့များတယ်။ တောင်ယာထဲအလုပ်လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့  နေအိမ်တွေကိုပြန်ပြီးတော့ လုံခြုံခိုင်ခံ့တဲ့ နေရာတွေမှာနေဖို့ အဲလိုမျိုးတွေလုပ်ဖို့ ဆော်သြထားတာရှိတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆလိုင်းယောမာန်က ပြောသည်။

ယမန်နေ့ မေလ ၁၂ ရက် ညပိုင်းမှစ၍ ချင်းပြည်နယ်တွင် မိုးများရွာသွန်းနေပြီး ယနေ့မေလ ၁၃ရက်အထိ လေပြင်းမုန်တိုင်းမရှိဘဲ မိုးသည်းထန်စွာရွာနေသည်ဟုလည်း မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။ 

လက်ရှိအချိန်၌ မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ဆက်သွယ်‌ရေးလိုင်း (တယ်လီဖုန်းလိုင်း၊ အင်တာနက်လိုင်း) အားလုံးကို ဖြတ်တောက်ထားဆဲဖြစ်သောကြောင့် လေပြင်းမုန်တိုင်းသတင်းကို မိဘပြည်သူများ၏ နီးစပ်ရာကျေးရွာ၊ အုပ်စုအလိုက် ရနိုင်သောနည်းလမ်းဖြင့် အမြန်ဆုံး အသိပေးဆော်ဩပေးကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဘာမှပြင်ဆင်ထားတာမရှိတဲ့အပြင် မုန်တိုင်းသတင်းနဲ့ ပတ်သက်ပြီးတော့ သိလည်းမသိကြသေးဘူး ပြင်ဆင်ထားတာလည်းမရှိဘူး လို့ပြောရမယ်။ ပြီးတော့လည်း စကစ(စစ်ကောင်စီတပ်ဖွဲ့)ဘက်မှ ဖုန်းလိုင်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတော့ မသိကြတာဖြစ်မယ်။ မုန်တိုင်းထက် လေယာဉ်နဲ့ဗုံးကြဲမှာကိုပဲ ဒေသခံတွေက ကြောက်နေကြတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။ 

ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မိုခါမုန်တိုင်းနှင့်ပတ်သက်ပြီး သတိပေးခြင်းရှိခဲ့သော်လည်း ကြိုတင်ပြင်ဆင်ထားမှုမရှိကြောင်း၊  စစ်ကောင်စီဘက်ကလည်း မုန်တိုင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိကြောင်း ကန်ပက်လက်မြို့နေ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ကန်ပက်လက်မြို့နယ်နှင့် မတူပီမြို့နယ်များတွင်  ဖုန်းလိုင်းမရသည့်အတွက် ကျေးရွာများနှင့် တောတောင်ထဲတွင်  စစ်ဘေးရှောင်နေကြေသော ပြည်သူများက မိုခါမုန်တိုင်းနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ မသိရသေးကြောင်းလည်း ဆိုသည်။ 

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ တီးတိန်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကာ မေလ ၉ ရက်တွင် မြို့နေဒေသခံ အယောက်၁၀၀ခန့်ကို  ကမ်းဟောက်ခန်းမသို့ မုန်တိုင်းဒဏ်မှ လွန်ကင်းနိုင်ရန် ပြောင်းရွေ့ခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ဝင်ရောက်မည့်ဒေသများမှာ ရခိုင်ပြည်နယ်အပါအဝင် လက်ရှိတွင် စစ်ရေးအခြေအနေတင်းမာနေသော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ အဓိကပါဝင်သည်။

ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ကြောင့် အဆိုပါဒေသများတွင် ယနေ့ မေလ ၁၃ ရက်နေ့မှစတင်ကာ မေလ ၁၅ ရက်နေ့အထိ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။

စာတည်း ။    ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly