ကြို့ပင်ကောက်တွင် စစ်ကောင်စီတပ်မှ ပြည်သူ ၅ ဦးကိုဖမ်းဆီးပြီး ၁ ဦးကိုပစ်သတ်

By ရွှေနွယ်( မဇ္ဈိမ )
12 May 2023
ကြို့ပင်ကောက်တွင် စစ်ကောင်စီတပ်မှ ပြည်သူ ၅ ဦးကိုဖမ်းဆီးပြီး ၁ ဦးကိုပစ်သတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မေလ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ပြည်သူ  ငါးဦးကိုဖမ်းဆီးကာ တစ်ဦးအား ပစ်သတ်ခဲ့ကြောင်း ဒေသခံများမှပြောသည်။

ကြို့ပင်ကောက်မြို့နယ်အထွက်ရှိ စိုင်းဂေါင်းကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ပြည်သူလေး ဦးအားဖမ်းဆီးကာ ယင်းနေ့ညနေပိုင်း၌ပင် ကိုငယ်လေးဆိုသူအား ကြို့ပင်ကောက်မြို့ပေါ်တွင် ထပ်မံလာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

" ဖမ်းတာက PDF တွေလို့စွပ်စွဲပြီး ဖမ်းသွားတယ်လို့သိရပါတယ်။ ကိုကတုံးက ထွက်ပြေးလို့ဆိုပြီး ပစ်သတ် လိုက်တာပါ။ ကျန်တဲ့သူတွေကိုတော့ ရိုက်နှက်ခေါ်သွားတယ်။ ဆက်ပြီးလည်း ကြို့ပင်ကောက်မှာ ဖမ်းနေတုန်းပဲ” ဟု ကြို့ပင်ကောက်မြို့ဒေသခံတစ်ဦးမှ ပြောသည်။

သို့သော် ဖမ်းဆီးသတ်ဖြတ်ခံရခြင်း အကြောင်းနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဓာတ်ပုံမှတ်တမ်း ကဲ့သို့သော သီးခြားအတည်ပြချက် ရယူနိုင်ခြင်းမရှိသေးပေ။

ဖမ်းဆီးခံရသူများမှာ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ တံငါကုန်းရွာနေ အသက် ၁၈ နှစ်အရွယ် မသက်သက်ဦးနှင့် ကိုမြမင်းထက်တို့ ဇနီးမောင်နှံ၊ ကြို့ပင်ကောက်မြို့ ပန်းတင်လမ်းနေ ကိုမောင်မင်းနှင့် စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့သူ ကိုကတုံးတို့ဖြစ်သည်။

အဆိုပါ ငါးဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု စွပ်စွဲကာဖမ်းဆီးသွားခြင်းဖြစ်၍ သာယာဝတီခရိုင် သတင်းပြန်ကြားရေးသို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် သတင်းမရရှိသေးကြောင်း ဖြေကြားခဲ့သည်။

" လက်ရှိမှာ အုတ်ဖိုဘက်ကိုလည်း စစ်ကြောင်းတက်နေတယ်ကြားတယ်ဗျ။ သေချာတော့မသိဘူး။ တိုက်ပွဲက ပေါင်းတည်ဘက်မှာရော အုတ်ဖိုဘက်မှာရော ဒီလထဲဖြစ်နေတော့ သူတို့ဘက်က ပိုစစ်နေတဲ့သဘော ဖြစ်မယ်ဗျ ” ဟု ကြို့ပင်ကောက်ဒေသခံမှ ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မေလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစ၍ မေလ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ဖမ်းဆီးခံရသူ ၂၂,၂၀၃ ဦးရှိပြီး၊ ကျဆုံးခဲ့ရသော ပြည်သူစုစုပေါင်းမှာ ၃,၄၉၀ ဦးရှိပြီဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly