ထန်းတပင်မြို့တွင် ပြည်သူ ၁၈ ဦးအား စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက်သတ်ဖြတ်မီးရှို့

By ရွှေနွယ် (မဇ္ဈိမ)
12 May 2023
ထန်းတပင်မြို့တွင် ပြည်သူ ၁၈ ဦးအား စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက်သတ်ဖြတ်မီးရှို့

ပဲခူးတိုင်း၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၃ နာရီအထိ စစ်ကောင်စီတပ်နှင့် KNU PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ အပြစ်မဲ့ ပြည်သူ ၁၈ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့သွားသည်ဟု ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

သတ်ဖြတ်ခံရသူ အပြစ်မဲ့ပြည်သူ ၁၈ ဦးထဲတွင် အသက်မပြည့်သေးသူ ကလေးငယ် ငါးဦးပါဝင်နေပြီး အငယ်ဆုံးကလေးငယ်မှာ အသက် ငါးနှစ်အရွယ်ဖြစ်သည်။

"စစ်ကြောင်းနဲ့တိုးပြီး သတ်သွားတာပါ။ လက်ရှိမှာ ရွာလုံးကျွတ်စစ်ရှောင်နေကြရပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂၀ ကျော် ၃၀ နီးပါးသေပါတယ်” ဟု ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မဇ္ဈိမကိုပြောသည်။

မေလ ၁၀ ရက်နေ့က KNU PDFပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့အား ကျောက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာရွာတွင် နှစ်ဖက်ညှပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာကာ အပြစ်မဲ့ကလေးသူငယ်များနှင့် ပြည်သူများအား သတ်ဖြတ်သွားခြင်းဖြစ်သည်။

သတ်ဖြတ်ခံရသူများသည် ဒေါ်ခင်ရီ (အသက် ၆၈နှစ်)၊ မသန်းသန်းဆွေ (အသက် ၃၅နှစ်)၊ မသက်နှင်းစံ (အသက် ငါးနှစ်)၊ ဦးဝင်းမြိုင် (အသက် ၇၀နှစ်)၊ ကိုဇော်မိုးအောင် (အသက် ၄၀နှစ်)၊ မသူဇာ (အသက် ၄၀နှစ်)၊ မောင်မိုးဝဿန် (အသက် ၁၅နှစ်)၊ မောင်မိုးဝေယံအသက် ခုနစ်နှစ်)၊ ဒေါ်ချွတ်တီ (အသက် ၅၈နှစ်)၊ ဒေါ်တင်ဆန်း (အသက် ၅၃နှစ်)၊ ဒေါ်ခင်အုန်း (အသက် ၅၅နှစ်)၊ ဒေါ်တင်အုန်း (အသက် ၅၃နှစ်)၊ မသန်းသန်းဝေ (အသက် ၂၈နှစ်)၊ မောင်သက်ပိုင်ဟိန်း (အသက် ငါးနှစ်)၊ ဦးတိုးတိုး (အသက် ၅၃နှစ်)၊ မဂျုးဂျုးမေ (အသက် ၂၅နှစ်)၊ ဦးကျော်သိန်း (အသက် ၅၅နှစ်)နှင့် ကျန်တစ်ဦးမှာ အမည်စုံစမ်းဆဲတို့ဖြစ်သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလ ၂ ရက်နေ့ ညနေပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ထန်းတပင်မြို့နယ်၊(ဇရပ်ကြီးတောင်ခြမ်းဒေသ)ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့အား တိုက်လေယာဥ်နှစ်စီးဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြေပြင်မှ လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်ခြင်းများလည်း ပြုလုပ်ခဲ့သေးသည်။

ထိုဖြစ်စဉ်ကြောင့် ကလေးသူငယ် တစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထန်းတပင်မြို့နယ်သို့ စစ်ကောင်စီ၏ ခလရ (၇၃) နှင့် ခမရ (၃၆၀) တပ်တို့မှ စစ်ကြောင်းဝင်ရောက်နေခြင်းဖြစ်ကာ KNU PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ်ပြုလုပ်ထားပြီး အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကြောင့် ပြည်သူ ၇၆၆ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနမှ မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့နောက်တွင် ဧပြီလ ၁၁ ရက်နေ့၌ ပဇီကြီးလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ထပ်မံဖြစ်ပွားခဲ့ပြီး ပြည်သူ ၂၀၀ နီးပါး သေဆုံးရကာ စစ်ကောင်စီတပ်၏ အပြစ်မဲ့ပြည်သူ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများတွင် သေဆုံးမှုအများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required