ချင်းကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် 

By ပါခွီး (မဇ္စျိမ)
11 May 2023
ချင်းကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် 

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ခွါပီးကျေးရွာနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(ဆဲန်ထန်) CDF–Senthang ဌာနချုပ်တို့ကို  စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

မေလ ၁၁ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်မှ နှစ်ကြိမ်ခန့် လာရောက် ဗုံးကြဲခြင်းဖြစ် ကြောင်း သိရသည်။

“ခွါပီးရွာနဲ့ ဌာနချုပ်ကို ဗုံးကြဲခဲ့တာမှန်ပါတယ်။ အပျက်အစီးအဆုံးအရှုံးတော့ မသိရသေးဘူး။ မီးလောင်မှု တချို့ရှိတယ်လို့ ကနဦးသိရပါတယ်” ဟု CDF–Senthang ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကိုပြောသည်။ 

ဗုံးကြဲမှုဖြစ်စဉ်ကို မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးပြီးစီးသော်လည်း အင်တာ နက်လိုင်းပြတ်တောက်မှုနှင့် ဆက်သွယ်ရေးအခက်အခဲများအရ အခြေအနေ အသေးစိတ်ကို မသိရှိရသေး ကြောင်း ဆိုသည်။

ခွါပီးကျေးရွာတွင် ဒေသခံများနေထိုင်ခြင်းမရှိဘဲ အပျက်အစီးရှိမရှိကြောင်းနှင့် ဌာနချုပ်တွင် မီးလောင်မှု အချို့ရှိကြောင်း သိရသည်။

လက်ရှိမြေပြင်အနေအထားအရ ဟားခါး-မတူပီလမ်း ဆဲန်ထန်းနယ်အတွင်း လုံခြုံမှုမရှိသဖြင့် မေလ ၁၁ ရက် ယနေ့မှစ၍ အများပြည်သူများအတွက် ယာယီလမ်းပိတ်ထားကြောင်း CDF–Senthang က အသိပေး ထားသည်။

ဂန့်ဂေါ-ဟားခါးလမ်းနှင့်ဖလမ်း-ဟားခါးလမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းများရှိနေပြီး ဟားခါး-မတူပီ လမ်းတခုသာ လတ်တလောလွတ်နေကြာင်း၊ မြေပြင်တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း အင်တာနက်များဖြတ်တောက်ထားပြီး လုံခြုံရေးအရ လမ်းကိုယာယီပိတ်ထားရခြင်းဖြစ်ကြောင်း ဆို သည်။ 

စစ်ကောင်စီတပ်၏ နှစ်နှစ်တာကာလအတွင်လုပ်ဆောင်ချက်များကိုကြည့်ပါက စစ်သားပီသမှုမရှိဘဲ သူရဲဘောကြောင်သောလုပ်ရပ်များကို ကာကွယ်ရေးတပ်ဖွဲ့များအပေါ်သာမ ပြည်သူများပေါ်တွင်လည်း လုပ်ဆောင်နေပြီး လူသားမဆန်စွာ အကြမ်းဖက်သတ်သတ်ဖြတ်မှုအပေါ် ပြည်သူတရပ်လုံးက နောက် မဆုတ်ဘဲ အမြစ်ပြတ်သည်အထိ စည်းစည်းလုံးလုံး ချီတက်သွားကြရန်လိုကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောဆိုသည်။

မေလ ၈ ရက်နေ့ကလည်း ခွါပီးကျေးရွာနှင့် ဗဟိုအလုပ်အမှုဆောင်ရုံးကို  စစ်ကောင်စီတပ်ဖွဲ့မှ Mi-35 ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ  CDF-Senthang လက်ထောက်အထွေထွေအတွင်းရေးမှူး Salai Siang Cung Hnin နှင့်  တပ်ခွဲမှူး Salai Duh Lian Hmung တို့ ကျဆုံးခဲ့ကြောင်းသိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly