PDF  နှင့် စစ်ကောင်စီတပ် ပစ်ခတ်မှုဖြစ်ပွား၊ နှစ်ဖက်အကျအဆုံးရှိ 

By YT  ( မဇ္ဈိမ)
11 May 2023
PDF  နှင့် စစ်ကောင်စီတပ် ပစ်ခတ်မှုဖြစ်ပွား၊ နှစ်ဖက်အကျအဆုံးရှိ 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်နှင့် ပိန်းဇလုတ်မြို့အကြား၊ လိန်ပင်ဆိပ်တံတားအနီး၊ရန်ကုန်- မန္တလေးကားလမ်းအဟောင်း ဘေးတွင် မစ်ရှင်ပြုလုပ်ရန်သွားသော ညောင်လေးပင်ခရိုင် PDF တပ်ရင်း (၃၇၀၂ ) မှ ရဲဘော် သုံးဦးသည် စစ်ကောင်စီတပ်သားများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။ 

ပြီးခဲ့သည့် မေလ ၈ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည့် ထိုအပြန်အလှန်ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား လေးဦးကျဆုံးပြီး PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။ 

" ရန်ကုန်- မန္တလေးလမ်းဟောင်းမှာ မစ်ရှင်သွားလုပ်ရင်း ထိပ်တိုက်တိုးပြီး ကိုယ့်ဘက်က စပစ်တာ။  စစ်သား လေးယောက်ကျတယ်။ ကိုယ့်ဘက်က နှစ်ဥိီးကျတယ်။ တစ်ဦး လွတ်မြောက်ပါတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

အသက်ရှင်ကျန်ရစ်ခဲ့သော  PDF ရဲဘော်တစ်ဦးသည် လုံခြုံသော နေရာသို့ ပြန်ရောက်နေပြီဖြစ်သော်လည်း ကျဆုံးခဲ့သော ရဲဘော်နှစ်ဦး​၏ အလောင်းနှင့် ၎င်းတို့တွင် ပါရှိသော လက်နက်၊ ခဲယမ်းများကို စစ်ကောင်စီတပ်သားများက ရရှိသွားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်က ဆိုသည်။

မစ်ရှင်သွားရောက်ပြုလုပ်သော  PDF ရဲဘော်သုံးဦးတွင် CDM ရဲဘော်နှစ်ဦးပါဝင်ပြီး မစ်ရှင်ပြုလုပ်ရန် သွားစဉ် လမ်းတွင်တွေ့သည့် ဒလန်​၏ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးရခြင်းဖြစ်ကြောင်းလည်း ဒေသတွင်းလှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး​ထံက သိရသည်။ 

စစ်ကောင်စီ​၏ ပြန်ကြားရေးချန်နယ်များတွင် ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ PDF နှစ်ဦး​၏ ရုပ်အလောင်းနှင့်အတူ ပစ္စတိုတစ်လက်၊ ကျည် ၁၆ တောင့်၊ ကျည်အိမ်နှစ်ခု၊ လက်လုပ်ရှေ့ထွက်မိုင်းတစ်လုံး၊ မှတ်ပုံတင်တစ်ခုသိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required