အောက်တိုဘာ၌ တရုတ်ဧည့်သည် ၁ သန်းကျော် လာရောက်မည်ဟု ထိုင်း မျှော်မှန်း

အောက်တိုဘာ၌ တရုတ်ဧည့်သည် ၁ သန်းကျော် လာရောက်မည်ဟု ထိုင်း မျှော်မှန်း
Photo-AFP

ခရီးသွားရာသီနှင့် လေကြောင်းပျံသန်းမှု မြင့်မားလာခြင်းတို့ကြောင့် ထိုင်းနိုင်ငံသို့ တရုတ်ဧည့်သည် လာရောက်မှုသည် COVID-19 ကပ်ဘေးမတိုင်ခင်က နှုန်းထားအတိုင်း အောက်တိုဘာလမှ စတင်ပြီး တစ်လလျှင် တစ်သန်းအထိ ရောက်ရှိနိုင်ခြေ ရှိနေသည်။

တရုတ်ပြည်မကြီးမှာ ခရီးသွားဧည့်သည်ဦးရေးသည် တိုးများလာနေပြီး နှစ်နိုင်ငံကြား လေယာဉ်ပျံသန်းမှုများ ပြန်လည်စတင်ခြင်းကြောင့် ဇန်နဝါရီလအတွင်းက တရုတ်ခရီးသွား ၉၁,၈၉၈ ဦး ရှိခဲ့ရာမှ ဧပြီလတွင် ၂၈၅,၀၀၀ သို့ စံချိန်တင် ရောက်ရှိကြောင်း ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ TAT က ထုတ်ပြန်သည်။

ဧပြီမှ အောက်တိုဘာအကြား တရုတ်မှ ထိုင်းနိုင်ငံဆီ လေယာဉ်ဖြင့် ပို့ဆောင်နိုင်စွမ်း ရှိမည့်ဦးရေသည် ခြောက်သန်းရှိမည်ဖြစ်၍ ယခုနှစ်၌ တရုတ်ဧည့်သည် လာရောက်မှုသည် ငါးသန်းကျော်လိမ့်မည်ဟု TAT မှ အရှေ့အာရှဆိုင်ရာ ဈေးကွက်ဒါရိုက်တာ ချူဝတ် ဆီရီဗက်ကုက ပြောသည်။

အောက်တိုဘာမှ မတ်လကြား ရာသီတွင် လေယာဉ်ပျံသန်းနိုင်မည့် အရေအတွက်ပေါ် မူတည်ပြီး တစ်နှစ်တာ တရုတ်ဧည့်သည် လာရောက်မှုက ခုနစ်သန်းအထိလည်း ထိုးတက်သွားနိုင်ကြောင်း ချူဝတ်က ပြောသည်။

လာမည့်လမှစကာ တရုတ်မှ ပျံသန်းသည် လေယာဉ်စင်းရေသည် လက်ရှိ၌ တစ်ပတ်လျှင် ပျံသန်းမှု ၁၀၀ ရှိခဲ့ရာမှ ပျံသန်းမှု ၄၃၀ အထိ ရှိလာနိုင်ကြောင်း ထိုင်းအရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က မျှော်လင့်ထားသည်။

ယခုလ အစောပိုင်း အလုပ်သမားနေ့ အားလပ်ရက်အတွင်း တရုတ်ခရီးသွား လာရောက်မှုသည် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြား ရှိပြီး မေတစ်လလုံးအတွက် တစ်နေ့လျှင် ၈,၀၀၀ မှ ၁၀,၀၀၀ ကြား ရှိလိမ့်မည်ဟု ချူဝတ်က မှတ်ချက်ချသည်။

ယင်းနှုန်းထားသည် တရုတ်၌ COVID-19 မူဝါဒ ပြောင်းလဲပြီးနောက် ပြည်မကြီးမှ အုပ်စုလိုက် ခရီးသွားခြင်းကို ခွင့်မပြုခင် ဖေဖော်ဝါရီလအတွင်း စံချိန်ဖြစ်သည့် တစ်နေ့လျှင် တရုတ်ဧည့်သည် ၂,၅၀၀ ပျမ်းမျှ ရောက်ရှိခဲ့ရာမှ သိသိသာသာ မြင့်တက်လာခြင်းလည်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် ဇန်နဝါရီမှ ဧပြီလအတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၈,၅၉၆,၄၅၂ ဦး ရောက်ရှိခဲ့ပြီး တရုတ်ပြည်မကြီးမှ ၈၄၃,၉၂၀ ဦး ရောက်ရှိသည်ဟု TAT အရ သိရသည်။

ထိုသို့ ခရီးသွားဧည့်သည် ထိုးတက်လာခြင်းသည် ကပ်ဘေးကြောင့် အထိနာနေနေသာ နိုင်ငံ၏ အရေးပါသည့် ခရီးသွားလုပ်ငန်းအတွက် အပေါင်းလက္ခဏာပဲ ဖြစ်သည်။

၂၀၁၉ ခုနှစ်က ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံသို့ နိုင်ငံတကာ ဧည့်သည် သန်း ၄၀ နီးပါး ရောက်ရှိခဲ့ရာတွင် တရုတ်ခရီးသွားဧည့်သည်က စုစုပေါင်း လာရောက်မှု၏ လေးပုံတစ်ပုံကျော် ရှိသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.shine.cn/news/nation/2305117331/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly