မုန်တိုင်းဘေးအန္တရာယ်ကြောင့် ကမ်းနီးငါးဖမ်းလှေများကို ပင်လယ်ပြင်ထွက်ခွင့် ပိတ်ထားဟုဆို

By ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ )
10 May 2023
မုန်တိုင်းဘေးအန္တရာယ်ကြောင့် ကမ်းနီးငါးဖမ်းလှေများကို ပင်လယ်ပြင်ထွက်ခွင့် ပိတ်ထားဟုဆို

မိုချာမုန်တိုင်းအန္တရာယ်ကြောင့် တနင်္သာရီကမ်းရိုးတန်းဒေသ မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာများမှ တစ်နိုင်တစ်ပိုင် ကမ်းနီး ငါးဖမ်း လှေငယ်များကို ပင်လယ်ပြင်ထွက်ခွင့် ပိတ်ထားကြောင်း သိရသည်။

ယနေ့ မေလ ၁၀ ရက်မှ စတင်၍ ၁၄ ရက်နေ့ အထိ ငါးရက်တိုင်တိုင် ပင်လယ်ပြင်သို့ ထွက်ခွာသွားလာခြင်း မပြုလုပ်ဖို့ စစ်ကောင်စီ လက်အောက်ခံ ဒေသအာဏာပိုင်များက သတိပေးထားခြင်းဟု ဒေသခံများကပြောသည်။

“ ရွာမှာကတော့ အုပ်ချုပ်ရေးမှူးက လိုက်လံသတိပေးနေတာတော့ တွေ့ရတယ်။ မုန်တိုင်း အန္တရာယ်ရှိတယ် ဆိုပြီး ပြောဆိုနေတာမျိုးပေါ့ ” ဟု ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မုန်တိုင်း အန္တရာယ်သတိပေးထားသည့် ကာလအတွင်း ကမ်းနီး ငါးဖမ်းလှေငယ်များအပြင် ကျွန်းစုမြို့နယ်ထဲရှိ ပင်လယ်ပိုင်းဒေသများသို့ ပြေးဆွဲနေသည့် ခရီးသည်တင် အမြန်ရေယာဉ် ရှပ်ပြေးများကိုပါ ရပ်နားခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။

ပင်လယ်ပြင်သို့ ထွက်ခွာခြင်း ပိတ်ပင်ထားသည့် ရေယာဉ်များထဲတွင် ငါးဖမ်းလှေများ၊ ခရီးသည်တင်ယာဉ်များနှင့် ငါးဖမ်းလှေများအတွက် အသုံးပြုသည့် ရေခဲလှေများအားလုံး ပါဝင်ကြောင်း ဆိုသည်။

မိုချာမုန်တိုင်းကြောင့် အသိပညာပေးခြင်းနှင့် ကယ်ဆယ်ရေးသရုပ်ပြခြင်း လုပ်ငန်းများကို စစ်ကောင်စီ လက်အောက်ခံ မီးသတ်ဦးစီးဌာနနှင့် သဘာ၀ဘေးအန္တရာယ် ကယ်ဆယ်ရေး အဖွဲ့တို့မှ ကျေးရွာ၊ ရပ်ကွက်များအတွင်း ပြုလုပ်နေကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly