မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ကား ၃ စီးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

By ရောင်နီ
10 May 2023
မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ကား ၃ စီးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းတွင် စစ်ဆေးရေး ပြုလုပ်နေသည့် စစ်ကောင်စီတပ်ကား သုံးစီးကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike Team ထံက သိရသည်။ 

မြင်းခြံမြို့နယ်၊ သင်ပြွန်းရွာလမ်းခွဲ၊ ညောင်ပင်ရွာအနီးတွင် ရှောင်တခင် စစ်ဆေးရေး လာရောက်ပြုလုပ်သည့် စစ်ကောင်စီတပ်ကို မေလ ၉ ရက်၊ မွန်းလွဲ ၃ နာရီအချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

“ ညောင်ပင်ရွာအနီးမှာ မြင်းခြံစစ်တပ်က ရှောင်တခင် စစ်ဆေးရေးလာလုပ်တာ ဖြစ်ပါတယ်။ သူတို့ စစ်ဆေးရေးအပြီး ဇရပ်နား ကား သုံးစီး ရပ်ထားတဲ့အချိန်မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာပါ” ဟု Myingyan District Drone Strike Team တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့၀င် နှစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများလည်းရှိကာ ကားများလည်း ထိမှန် ပျက်စီးမှုရှိခဲ့ကြောင်း ၄င်းကဆိုသည်။ 

“ ဗုံးချ တိုက်ခိုက်ပြီးတဲ့ အချိန် စခ (စစ်ကောင်စီတပ်သား) တွေ မလှုပ်နိုင်ဘူး။ ကားလည်း ထိခိုက်သွားတယ်။ အချိန်နည်းနည်းကြာမှ ဒရုန်းကို လက်နက်ငယ်နဲ့ နှစ်ချက် သုံးချက် ပြန်ပစ်နိုင်တယ်။ နှစ်ယောက်က ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရထားတဲ့ စခတွေကို ကားနဲ့ တင်ပြီး မြင်းခြံ စစ်တပ်ထဲကို ပြန်ခေါ်သွားတယ်” ဟု MDDS အဖွဲ့ တာ၀န်ရှိသူက ပြောသည်။ 

ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် နွားထိုးကြီး- မြင်းခြံ လမ်းပိုင်း ညောင်ပင်ရွာအနီးတွင် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ဖွင့်ကာ ဖြတ်သန်းသွားလာသည့် မော်တော်ယာဥ်များကို စစ်ဆေးလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။ 

ပြီးခဲ့သည့် မေလ ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၄၂ မိနစ်အချိန်ကလည်း မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရတနာပုံကျေးရွာကို စစ်ကြောင်းထိုး ၀င်ရောက်ကာ နားနေသည့် စစ်ကောင်စီတပ်ကို MDDS နှင့် မဟာမိတ် တပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်မှု ပြလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Myingyan District Drone Strike (MDDS) နှင့်အတူ မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်း၊ တပ် ခွဲ (၁)၊ 27 Revolution Forces တပ်ခွဲ (၃)၊ Burmese Guerilla Force ၊ မြင်းခြံခရိုင် တပ်ရင်း (၃) ၊ မြင်းခြံခရိုင် တပ်ရင်း (၄) ၊ မြင်းခြံခရိုင်တပ်ရင်း (၈) ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ 8 Stars အဖွဲ့ နွားထိုးကြီး ပကဖ အဖွဲ့ တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဟုဆိုသည်။

ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ဖြစ်စဥ်နှစ်ခုအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င်များ ထိခိုက်သေဆုံးမှုရှိကြောင်း ပြောကြားထားသော်လည်း မဇ္စျိမအနေဖြင့် ဒေသခံများထံမှသီးခြား အတည်ပြုနိုင်ခဲ့ခြင်း မရှိသေးပေ။ 

လက်ရှိအချိန်တွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်တစ်ခုလုံးရှိ မြို့နယ်၊ ကျေးရွာများအား စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ ဖိနှိပ်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ 

ထို့ကြောင့် ဒေသခံများမှာ မိမိတို့ ကျေးရွာများအတွင်း မနေရဲကြဘဲ စစ်ကောင်စီတပ်စစ်ကြောင်းများနှင့် လွတ်ကင်းရာနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေထိုင်နေကြရကြောင်း သိရသည်။

စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly