ထိုင်းနိုင်ငံသို့ ပြန်လာမည်ဟု ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြော

ထိုင်းနိုင်ငံသို့ ပြန်လာမည်ဟု ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြော
PHOTO: EPA-EFE

ထိုင်းနိုင်ငံ၏ ဘီလျှံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာက ဇူလိုင်လ၌ နိုင်ငံရင်းဆီ ပြန်လာမည်ဟု အင်္ဂါနေ့က ပြောလာခဲ့သည်။

ကိုယ်တိုင် ပြည်ပြေးခဲ့သည့် ၁၇ နှစ်အကြာ၌ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၎င်း၏ ပါတီ အနိုင်ရမည် မျှော်လင့်ထားသော ရွေးကောက်ပွဲ အကြို ရက်ပိုင်းအလို၌ ပြောလာခြင်းပဲ ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဩဇာအကြီးဆုံးနှင့် သဘောထားကွဲလွဲစေသော ခေါင်းဆောင်အဖြစ် ပြောကြဆိုကြသည့် သက်ဆင်သည် ထိုင်းနိုင်ငံဆီ ပြန်လာမည်ဟု ကတိများစွာ ပေးဖူးပြီး ပျက်ကွက်ခဲ့လင့်ကစား ယခုအကြိမ်သည် မကြာသေးသော နှစ်များအတွင်း ပထမဆုံးဖြစ်ကာ အချိန်နှင့်တကွ ပြောဆိုလာခြင်းလည်း ဖြစ်သည်။

“ကျွန်တော် ခွင့်ပြုချက်ရဖို့ ထပ်ကြိုးစားနေပါတယ်၊ ဇူလိုင်လအတွင်းမှာ ကျွန်တော့် မွေးနေ့မတိုင်ခင် ကျွန်တော်ရဲ့ မြေးနဲ့တွေ့ဖို့ အိမ်ပြန်မယ် ဆုံးဖြတ်ထားပါပြီ”ဟု သက်ဆင်က ဆိုသည်။

“ကျွန်တော် ခွင့်ပြုချက် ရချင်ပါတယ်”ဟု မည်သူဆီမှ ခွင့်ပြုချက် တောင်းခံသည်ကို မဖော်ပြဘဲ ၎င်းက ထပ်လောင်း ပြောသည်။ “ကျွန်တော် မိသားစုနဲ့ ကွဲနေတာ ၁၇ နှစ်ကြာပါပြီ၊ ကျွန်တော် အသက်လည်း ကြီးပါပြီ”ဟု ၎င်းက ဆိုသည်။

အသက် ၇၃ နှစ်အရွယ် ရဲမှူးဟောင်းနှင့် တယ်လီကွန်း လုပ်ငန်းရှင်ကြီးဖြစ်သည့် သက်ဆင်သည် ၂၀၀၆ ခုနှစ် အာဏာသိမ်းမှု၌ ဖြုတ်ချခံရချိန်မှစကာ ထိုင်းနိုင်ငံရေးတွင် ကြီးမားစွာ လွှမ်းမိုးမှု ရှိထားသည်။ ၎င်းက နိုင်ငံရေး စေ့ဆော်မှုကြောင့်ဟု အတိအလင်း ဆိုထားသော အာဏာအလွဲသုံးစား စွပ်စွဲခံရချက်ဖြင့် ထောင်ချခံရမည်ကို ရှောင်ရှားရန် ၂၀၀၈ ခုနှစ်အတွင်းက ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ မိသားစုနှင့် စီးပွားဖက်များ ထိန်းချုပ်သော ပျူထိုင်းပါတီသည် မေ ၁၄ ရက် ရွေးကောက်ပွဲအကြို မဲစစ်တမ်း၌ ကြီးကြီးမားမား ဦးဆောင်နေသည်။

သက်ဆင်၏ အငယ်ဆုံး သမီး အသက် ၃၆ နှစ်အရွယ် ပီသွန်သန်သည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းဖြစ်ကာ ပြီးခဲ့သည့် သီတင်းပတ်က ဒုတိယမြောက်ကလေး မီးဖွားခဲ့သည်။

နောက်ဆုံး မဲစစ်တမ်းများအရ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၏ United Thai Nation ပါတီအပါအဝင် စစ်တပ်နောက်ခံသော အာဏာရ ညွန့်ပေါင်းပါတီများသည် ပျူထိုင်းပါတီ၏ နောက်၌ ရှိနေကြသည်။ လက်ရှိ ဝန်ကြီးချုပ် ချန်အိုချာသည် ၂၀၁၄ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး ဖြစ်ပြီး ယင်း အာဏာသိမ်းမှု၌ သက်ဆင်၏ ညီမ ယင်လပ် ရှင်နာဝတ်ထရာ အစိုးရကို ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။

သက်ဆင်၏ ဖြစ်နိုင်ခြေရှိသော အိမ်ပြန်လာမည် ဆိုခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ပရာယွတ်က “ဒါက သူနဲ့ပဲ ဆိုင်တယ်၊ တရားရေးစနစ်နဲ့ပဲ ဆိုင်တယ်”ဟု ဖြေကြားခဲ့သည်။

နောက်ပိုင်း တွစ်တာတွင် ရေးသားရာ၌ သက်ဆင်က သူ့အတွက် ပျူထိုင်းပါတီတွင် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘဲ တရားဥပဒေ လုပ်ငန်းစဉ်အတိုင်း နေရပ်ပြန်မည်ဖြစ်သည်ဟု အသေးစိတ်မဆိုဘဲ ရေးသားထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.reuters.com/world/asia-pacific/thailands-influential-ex-pm-t...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required