ထားဝယ်တွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရ ၊ လူသားဒိုင်း အဖြစ် ဖမ်းဆီးခြင်းခံရသူ အရပ်သား ၂ ဦး ထိခိုက်

By ကိုရွှေမြိတ်(မဇ္ဈိမ)
10 May 2023
ထားဝယ်တွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရ ၊ လူသားဒိုင်း အဖြစ် ဖမ်းဆီးခြင်းခံရသူ အရပ်သား ၂ ဦး ထိခိုက်

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ်၊ မြန်မာ-ထိုင်း နပ်စပ်ဘက်သို့ သွားသည့် ထားဝယ်-ထီးခီး လမ်းပိုင်း တစ်နေရာတွင် အင်အား ၁၀၀ ကျော် ပါသည့် စစ်ကောင်စီ စစ်ကြောင်းအား ထား၀ယ်စုပေါင်းစစ်ကြောင်း(Dawi Collicative Column)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရသည့် အရပ်သား နှစ်ဦးပါ ထိခိုက်သွားကြောင်း ထား၀ယ်စုပေါင်းစစ်ကြောင်း တာ၀န်ရှိသူထံက သိရသည်။ 

ထိုစစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးပြီး တောလမ်းမှတစ်ဆင့် ထား၀ယ်မြို့ဘက်သို့ ပြန်လာကြောင်း သတင်းရရှိ၍   ယမန်နေ့ မေလ ၉ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင်  တိုက်မိုင်း လေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းနှစ်လုံးသာ ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း သိရသည်။ 

ထားဝယ်စုပေါင်း စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက“ခွေးတွေ( စစ်ကောင်စီတပ်သားများ)က တောလမ်း အတိုင်း စစ်ကြောင်း နှစ်ခု၊ သုံးခု ခွဲပြီး ဆင်းတာပါ။ အရပ်သားတွေကို လူသားဒိုင်း အဖြစ် ပြုလုပ်ပြီး ဆင်းလာတော့ ထိခိုက်မှု ရှိခဲ့၍ ပြည်သူတွေကို အနူးညွတ် တောင်းပန်ထားတဲ့ စာကိုလည်း ကျွန်တော်တို့ ထုတ်ပြန်ထားတယ်”ဟု ပြောသည်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းခံရသူ ဒေသခံ ခြောက်ဦးခန့်အနက် နှစ်ဦီးမှာ မစိုးရိမ်ရ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်သည်ဟု ခန့်မှန်းထားသော်လည်း ထိခိုက်သေဆုံးသူဦးရေ အတိအကျကို မသိရသေးကြောင်း  
ထား၀ယ်စုပေါင်းစစ်ကြောင်းတာ၀န်ရှိသူက ပြောသည်။ 

ထိုစစ်ကောင်စီ စစ်ကြောင်းသည် မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ် အရှေ့တောဒေသ၊ အညာဖျား ကျေးရွာနှင့် ဥယျာဉ်ကျေးရွာသို့ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ 

 နောက်နောင်တွင်  စစ်ကောင်စီတပ်များ ကျေးရွာအတွင်း ဖြတ်သန်း ဝင်ရောက်လာပါက မိဘပြည်သူများ အနေဖြင့် ဘေးကင်းရာသို့ ပြောင်းရွှေ့ နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ထားဝယ်စုပေါင်း စစ်ကြောင်း က အသိပေးထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly