အာဆီယံအနေဖြင့် အရေးကြီးဆုံးဖြတ်ချက် ချရမည့် အလှည့်အပြောင်းကာလ ရောက်နေဟု အင်ဒိုနီးရှားဝန်ကြီး သတိပေး

အာဆီယံအနေဖြင့် အရေးကြီးဆုံးဖြတ်ချက် ချရမည့် အလှည့်အပြောင်းကာလ ရောက်နေဟု အင်ဒိုနီးရှားဝန်ကြီး သတိပေး
Photo - AFP (၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး)

စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုတို့ အရှိန်မြင့်လာမှုအရေးကိစ္စက အာဆီယံထိပ်သီးအစည်းအဝေး ဆွေးနွေးမှုများအပေါ် လွှမ်းမိုးနေခြင်းနှင့်အတူ အရှေ့တောင်အာရှ နိုင်ငံများသည် အရေးကြီး ဆုံးဖြတ်ချက်များ ချမှတ်ရမည့် အလှည့်အပြောင်းကာလတစ်ခုကို ရောက်နေပြီဟု အင်ဒိုနီးရှား အကြီးတန်းဝန်ကြီးတစ်ဦးက မေလ ၉ ရက်တွင် သတိပေးသည်။

မြန်မာတွင် ပြီးခဲ့သည့် နှစ်နှစ်ကျော်အကြာက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းကာ ယင်းနောက် သွေးထွက်သံယိုများသော ဖြိုခွင်းနှိမ်နင်းမှုကို လုပ်ဆောင်ပြီးနောက် နိုင်ငံသည် လူသေဆုံးသော အကြမ်းဖက်မှုများဖြင့် ထိခိုက်ခံစားခဲ့ရသည်။

ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသဖွယ်ဖြစ်နေသည့် ဆွေးနွေးလေကန်ရာနေရာတစ်ခုအဖြစ် ကာလကြာကတည်းက ဝေဖန်သူများ၏ ဝေဖန်ခြင်းကို ခံထားရသည့် အာဆီယံအုပ်စုသည် မြန်မာအကျပ်အတည်းကို ဖြေရှင်းရန် သံတမန်ရေးရာ အားထုတ်မှုများကို ဦးဆောင်ထားသည်။

သို့သော် ထို ကြိုးပမ်းအားထုတ်မှုများက အရာမထင်ဘဲ ဖြစ်နေခဲ့သည်။ မြန်မာအာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများကို လျစ်လျူရှုရင်း ၎င်းတို့ကို ဆန့်ကျင်အတိုက်အခံပြုနေသည့် ဖြုတ်ချခံ လွှတ်တော်အမတ်များ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်ထားသည်။

ပြီးခဲ့သည့်လက တော်လှန်ရေးအင်အားစု အမာခံနယ်မြေတစ်ခုရှိ ကျေးရွာတစ်ခုကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၁၇၀ ခန့် သေဆုံးခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပြီးနောက် နိုင်ငံတကာ၏ ပြစ်တင်မှုများ ထွက်ပေါ်ခဲ့သလို စစ်အုပ်စု၏ သီးခြားအထီးကျန်မှုကိုလည်း ပိုဆိုးစေခဲ့သည်။

အကြမ်းဖက်မှုများ ရပ်ဆိုင်းအဆုံးသတ်ရေး ပိုမို တင်းမာပြတ်သားသော ဆောင်ရွက်ချက်များ လုပ်ဆောင်ရန် အာဆီယံအပေါ် တောင်းဆိုမှုများ ထွက်ပေါ်ခဲ့သည်။

“အာဆီယံဟာ ဆုံးဖြတ်ချက် ချရမယ့် အတိမ်းအစောင်းမခံတဲ့ အခြေအနေ အဆင့်တစ်ခုမှာ ရောက်နေပြီ” ဟု အင်ဒိုနီးရှား၏ နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းချိတ်ဆက်မှု ဝန်ကြီး မာဟ်ဖက်ဒ်က အာဆီယံထိပ်သီးအစည်းအဝေး၏ ပထမဆုံးနေ့ဖြစ်သည့် မေလ ၉ ရက်တွင် သတိပေးသည်။

“အကျပ်အတည်းတွေ တစ်ခုပြီးတစ်ခု ပေါ်နေတာက အုပ်စုအဖွဲ့တစ်ခုအဖြစ် မိမိတို့ရဲ့ လုပ်နိုင်စွမ်းပကားအပေါ် စမ်းသပ်နေတယ်။ ပြီးတော့ အဲဒီ အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တာမျိုး မရှိဘူးဆိုရင် မိမိတို့ရဲ့ ဆီလျော်ဆက်စပ်မှုအပေါ် ထိခိုက်စေမယ့် အန္တရာယ် ရှိပါလိမ့်မယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

တစ်ချိန်တည်းမှာပင် ပြီးခဲ့သည့်လက မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားသော လေကြောင်းတိုက်ခိုက်မှုက “ဖြစ်နိုင်ဖွယ်ရာ စစ်ရာဇဝတ်မှု” တစ်ခု ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ပြောပြီး မြန်မာစစ်တပ်၏ ဝင်ငွေရလမ်းများကို ဖြတ်တောက်ပိတ်ဆို့ရန်နှင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်စေရေး စစ်အုပ်စုကို ဖိအားပေးရန် ပိုမိုအားကောင်းသည့် အစီအမံလုပ်ဆောင်ချက်များ လုပ်ဆောင်ရေးကို ထောက်ခံကြောင်း ထုတ်ဖော်ရန် အာဆီယံကို တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံ၌ မေလ ၇ ရက်က အာဆီယံ လူသားချင်းစာနာမှု အကူအညီ ချိတ်ဆက်ညှိနှိုင်းမှုဆိုင်ရာ အရာရှိများနှင့် သံတမန်များ ပါသည့် ယာဉ်တန်းတစ်ခု ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်ဖြစ်ပြီးနောက် အာဆီယံအုပ်စုအပေါ် ဖိအားများ ပိုမိုတိုးမြင့်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly