ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီက ‘လေဟာနယ်ဗုံး’ အသုံးပြုခဲ့ဟု HRW ပြော

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီက ‘လေဟာနယ်ဗုံး’ အသုံးပြုခဲ့ဟု HRW ပြော

 

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လက အရပ်သားပြည်သူ ရာချီ သေဆုံးခဲ့ရပြီး စစ်ရာဇဝတ်မှုတစ်ခု ဖြစ်ဖွယ် ရှိသည့် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုတွင် အာဏာသိမ်းစစ်တပ်က အလွန်ကြောက်စရာကောင်းသည့် “လေဟာနယ်ဗုံး” ကို အသုံးပြုခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က မေလ ၉ ရက်တွင် ပြောသည်။

၂၀၂၁ ၊ ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏ ကြီးမားသော နယ်မြေတစ်ကြောတွင် တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုများ ရှိထားပြီး စစ်အာဏာသိမ်းမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ပြန်လည်ပေါ်ပေါက်ခဲ့သလို အာဏာသိမ်းမှုကို ဆန့်ကျင်လျက် ပေါ်ပေါက်လာသည့် “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” များကလည်း လက်ရှိအချိန်တွင် စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်လျက် ရှိသည်။

အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့်လက ယင်း၏ အတိုက်အခံတို့၏ အမာခံနယ်မြေတစ်ခု၌ လူစုဝေးမှုတစ်ခုအပေါ် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာတွင် လူ ၁၇၀ ဦးခန့် သေဆုံးကြောင်း ဒေသခံများနှင့် သတင်းမီဒီယာများက ဖော်ပြသည်။ ထိုတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများ ထပ်မံပေါ်ပေါက်ခဲ့သည်။

စစ်တပ်သည် စစ်ကိုင်းတိုင်း ပဇီကြီးရွာကို တိုက်ခိုက်မှုတွင် သာမိုဘာရစ် ဗုံး အသုံးပြုခဲ့သည်ဟု HRW က ပြောသည်။ ၎င်းတို့၏ အကဲဖြတ်သုံးသပ်မှုကို တိုက်ခိုက်မှုဖြစ်ပြီးနောက် ဖြစ်စဉ်နေရာ၏ ဗီဒီယိုတစ်ခုနှင့် သေဆုံးသူများ၏ ရုပ်အလောင်း ဓာတ်ပုံ ၅၉ ပုံနှင့်ပတ်သက်ပြီး အကဲဖြတ်ခွဲခြမ်းသုံးသပ်မှုအပေါ် အခြေတည်ထားသည်။

“Vacuum bombs” ၊ လေဟာနယ်ဗုံးများအဖြစ် သိကြသည့် သာမိုဘာရစ် ဗုံးများသည် သမားရိုးကျ ပေါက်ကွဲအားမြင့်မားသော စစ်လက်နက်ပစ္စည်းများထက် ပိုမိုပြီး စွမ်းအားမြင့် ပြင်းထန်ပြီး ယင်းက သီးခြားအဆင့် နှစ်ဆင့် ပေါက်ကွဲသည်။

ယင်းသည် ပထမတွင် လောင်စာ အရောအနှောတစ်ခုကို ပစ်မှတ် ဝန်းကျင်ပတ်လည်၌ တိမ်ထုတစ်ခုသဖွယ် ဖြန့်ကြဲပြီး ဒုတိယအဆင့်တွင် လေထုထဲမှ အောက်ဆီဂျင်ကို စုပ်ထုတ်ပြီး အလွန်ကြီးမားသော မီးလုံးကြီးတစ်ခု ဖြစ်စေလျက်ဖြင့် ပေါက်ကွဲမှု ဖြစ်စေခြင်း ဖြစ်သည်။

ပဇီကြီးကျေးရွာတွင် အသုံးပြုခဲ့သည့် သာမိုဘာရစ်ဗုံးက အဆင်အခြင်မဲ့၊ အချိုးအစား မမျှတသော အရပ်သား သေကျေထိခိုက်မှုများကို ဖြစ်စေပြီး ပေါ်လွင်ထင်ရှားသော စစ်ရာဇဝတ်မှုတစ်ခု ဖြစ်သည်ဟု HRW က ပြောသည်။

နိုင်ငံတကာ ကွန်ဗန်းရှင်းများအောက်တွင် သာမိုဘာရစ် လက်နက်များကို အထူးတိတိကျကျ တားမြစ်ပိတ်ပင်ထားခြင်း မရှိသော်လည်း အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားပြီး ယင်းလက်နက်များ အသုံးပြုခြင်းက စစ်ရာဇဝတ်မှုများဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်းများကို ဖြစ်စေနိုင်သည်။

အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့အနေဖြင့် ပဇီကြီးရွာအပေါ် “အကန့်အသတ်ရှိ လေကြောင်းတိုက်ခိုက်မှုများ” လုပ်ခဲ့ကြောင်းနှင့် သေဆုံးသူ အများစုမှာ တိုက်ခိုက်မှုများက ခဲယမ်းသိုလှောင်ရုံတစ်ခုကို ထိမှန်ပြီးနောက် သေဆုံးရခြင်း ဖြစ်ကြောင်း ပြောသည်။

မေလ ၉ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ စတင်သည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး ဆွေးနွေးမှုများတွင် မြန်မာ့အရေးက အဓိက လွှမ်းမိုးနေမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly