လုံခြုံမှုမရှိသေးတဲ့အခြေအနေကြောင့် မြန်မာနိုင်ငံ မပြန်ချင်ဘူးလို့ ရိုဟင်ဂျာတွေပြော

လုံခြုံမှုမရှိသေးတဲ့အခြေအနေကြောင့် မြန်မာနိုင်ငံ မပြန်ချင်ဘူးလို့ ရိုဟင်ဂျာတွေပြော

ပြန်လည် နေရာချထားရေး စခန်းတွေထဲမှာ ပိတ်လှောင် ခံနေရပြီး နေရထိုင်ရမှာနဲ့ လုံခြုံမှုမရှိသေးတဲ့အခြေအနေတွေကြောင့် မြန်မာနိုင်ငံ ပြန်သွားမှာ မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာတွေက ပြောပါတယ်။

 

ဘင်္ဂလားဒေ့ရှ်ရဲ့ နယ်စပ် ဒေသတစ်ခုဖြစ်တဲ့ ကော့စ်ဘဇားမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းနီးပါးလောက်ဟာ  ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေရပါတယ်။ 

 

အများစုဟာ ၂၀၁၇ တုန်းက မြန်မာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခြင်း ခံခဲ့ရတဲ့နောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

 

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာတွေ ကိုယ်ပိုင် ဆန္ဒနဲ့အညီ နေရပ်ပြန်ရေးကိစ္စအတွက် မြန်မာဖက်နဲ့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပါတယ်။ မေလ ၅ ရက်မှာတော့ ရိုဟင်ဂျာ  အယောက် ၂၀ လောက်ဟာ ဘင်္ဂလားဒေ့ရှ် အရာရှိ ၇ ဦးနဲ့အတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နဲ့ အနီးတဝိုက် ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ ပြန်လည် နေရာချထားရေး စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

 

ရိုဟင်ဂျာတွေက နေရပ်ပြန်ရေးကိစ္စ မြန်မာဖက်က စီစဉ်ထားမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်တာတွေ ရှိနေဆဲဖြစ်ပြီး သူတို့ရဲ့ လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့် အာမခံချက်တွေ အခိုင်အမာ မရမချင်း မြန်မာနိုင်ငံ မပြန်လိုကြောင်း ပြောပါတယ်။ 

 

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ကိစ္စနဲ့ ပတ်သက်လို့ စမ်းသပ်အဆင့် စီမံကိန်း တစ်ခုကို အကောင်အထည် ဖော်ဖို့ တိုင်ပင်ထားပါတယ်။ 

 

ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်တွေ နေရပ်ပြန်ခြင်းဟာ သူတို့အတွက် ဖြစ်သင့်တဲ့ ရပိုင်ခွင့်လို့ သတ်မှတ်နိုင်ပေမယ့် စိတ်ဆန္ဒနဲ့အညီ၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ခွင့် ရတာမျိုး ဖြစ်ဖို့ လိုအပ်ကြောင်း သတိပေး ပြောဆိုထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly