တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ မြိတ်-တနင်္သာရီလမ်းပိုင်းတွင် မေလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လမ်းအသုံးပြုခွင့်တစ်ပတ်ပိတ်လိုက်ကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
မြိတ်-တနင်္သာရီလမ်းပိုင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးရှိ ဆန်းသစ်ရွာနှင့် လသာရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲခံခဲ့ရခြင်းဖြစ်ပြီး ခရီးသွားလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။
“စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)ယာဉ်တန်း မိုင်းဆွဲခံရတော့ ညနေပိုင်းမှာ စစ်ဆေးမှုတွေပြုလုပ်ပြီး လမ်း အသုံးပြုခွင့် ပိတ်လိုက်တယ်လို့ သိရတယ်” ဟု တကူဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က အမြဲတမ်းဂိတ်ချစစ်ဆေးနေသည့် ဇဝဲလမ်းဆုံနှင့် တကူကားလမ်းကို မေလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ တစ်ပတ်ခန့်ပိတ်မည်ဟုထုတ်ပြန်ထားကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)ကတော့ အဲ့ဒီလမ်းပိုင်းကို တစ်ပတ်ပိတ်တယ်ဆိုပြီး ပြောနေတာတော့ရှိ တယ်၊ အခုချိန်ထိတော့ ခရီးသွားပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိအောင် ထုတ်ပြန်ထားတာမျိုးတော့ မတွေ့ရဘူး”ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က တစ်ပတ်ပိတ်မည်ဟု သတင်းထွက်ပေါ်နေသည့် ဇဝဲလမ်းဆုံနှင့် တကူလမ်းပိုင်း သည် စစ်ကောင်စီတပ်သားများ အဓိကဂိတ်ချစစ်ဆေးနေသည့် ဂိတ်တစ်ခုဖြစ်ပြီး မြိတ်-တနင်္သာရီဘက် သို့ သွားရာတွင် မဖြစ်မနေဖြတ်ရသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မြိတ်-တနင်္သာရီလမ်းပိုင်း