မြန်မာ့အကျပ်အတည်းအရေး အဓိကလွှမ်းမိုးမည့် အာဆီယံအစည်းအဝေး

မြန်မာ့အကျပ်အတည်းအရေး အဓိကလွှမ်းမိုးမည့် အာဆီယံအစည်းအဝေး
AFP pic

ယခုသီတင်းပတ်အတွင်း အင်ဒိုနီးရှားတွင် ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များအကြား ဆွေးနွေးမှုများတွင် မြန်မာ့အကျပ်အတည်းအရေးက အဓိကလွှမ်းမိုးနေလိမ့်မည် ဖြစ်သည်။ မြန်မာတွင် အရှိန်မြင့်တက်နေသော အကြမ်းဖက်မှုများ အဆုံးသတ်ရပ်ဆိုင်းရေး အာဆီယံခေါင်းဆောင်များက ထပ်မံတောင်းဆိုထားသည်။

မြန်မာတွင် ၂၀၂၁ ၊ ဖေဖေါ်ဝါရီလက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်နေခဲ့သည်။ ဆန့်ကျင်ကန့်ကွက်သူများအပေါ် အာဏာသိမ်းစစ်အုပ်စုက သွေးထွက်သံယို နှိမ်နင်းဖြိုခွင်းမှုများလုပ်ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် လူမှု မငြိမ်မသက်မှုနှင့် စီးပွားရေးဘေးဒုက္ခတစ်ခုကို ဖြစ်စေခဲ့သည်။

ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသဖွယ် ဖြစ်နေသည့် ဆွေးနွေးလေကန်ရာ နေရာတစ်ခုအဖြစ် ဝေဖန်သူများ၏ ကာလကြာ ဝေဖန်ခြင်းကို ခံထားရသည့် အာဆီယံအုပ်စုသည် မြန်မာတွင် အကြမ်းဖက်မှုများ ရပ်ဆိုင်းစေရေး ကြားဝင်ညှိနှိုင်းမှု ကြိုးပမ်းမှုများ အထမမြောက်ဖြစ်ပြီးနောက် ပြီးခဲ့သည့် နှစ်နှစ်အကြာက မြန်မာစစ်အုပ်စုနှင့် သဘောတူခဲ့သော ဘုံသဘောတူညီချက် ငါးရပ် အစီအစဉ်တစ်ရပ်ကို စတင်နိုင်ရန် ကြိုးပမ်းထားခဲ့သည်။

သို့သော် မြန်မာအာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာ၏ ဝေဖန်မှုကို မသိကျိုးကျွန်ပြုပြီး ၎င်းတို့၏ အတိုက်အခံများ ဖြစ်သည့် ဖြုတ်ချခံ လွှတ်တော်အမတ်များ၊ အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်နေခြင်းနှင့်အတူ အာဆီယံ၏ ကြိုးပမ်းမှုများက ရှေ့မရောက်နိုင်ဘဲ ဖြစ်နေသည်။

ပြီးခဲ့သည့်လက တော်လှန်ရေး အင်အားစုတို့၏ အမာခံနယ်မြေတစ်ခုရှိ ကျေးရွာတစ်ခုကို စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူအများအပြား သေဆုံးခဲ့ရသည် ဖြစ်ရာ ယင်းအပေါ် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများ အကြီးအကျယ် ထွက်ပေါ်ခဲ့သလို စစ်အုပ်စု၏ အထီးကျန်မှုကို ပိုဆိုးစေခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ Flores ကျွန်းတွင် ကျင်းပမည့် မေလ ၉-၁၁ ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အကျပ်အတည်းအရေးက အဓိက ဆွေးနွေးမည့် အရေးကိစ္စတစ်ခု ဖြစ်လိမ့်မည်ဟု သံတမန်များက အေအက်ဖ်ပီကို ပြောသည်။

ယခုနှစ် အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားက ထုတ်ပြန်မည့် အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာချက်တွင် ၁၀ နိုင်ငံပါ အုပ်စုက မြန်မာ၌ လေကြောင်းတိုက်ခိုက်မှုအပေါ် “အပြင်းအထန် ထပ်မံ ဝေဖန်” မည် ဖြစ်သလို အကြမ်းဖက်မှုများ ချက်ချင်း ရပ်ဆိုင်းရေး တောင်းဆိုလိမ့်မည် ဖြစ်ကြောင်း အေအက်ဖ်ပီက ကြည့်ခွင့်ရခဲ့သည့် မူကြမ်းထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

“မြန်မာမှာ ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြေရှင်းနည်းလမ်းတစ်ခု ရှာဖို့ အားလုံးပါဝင်တဲ့ အမျိုးသား ဆွေးနွေးညှိနှိုင်းမှုတစ်ရပ်အတွက် အထောက်အကူပြုတဲ့ အခြေအနေတစ်ခု ဖန်တီးဖို့ ဒါက တစ်ခုတည်းသော လမ်းဖြစ်လိမ့်မယ်” ဟု မူကြမ်းထုတ်ပြန်ချက်တွင် ပြောသည်။

မြန်မာသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်ရှိနေသော်လည်း အာဆီယံ၏ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် စစ်အုပ်စု၏ ပျက်ကွက်မှုကြောင့် မြန်မာသည် အဆင့်မြင့်လယ်ဗယ် အာဆီယံအစည်းအဝေးများ၌ တက်ရောက်ခွင့် တားမြစ်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly