ဘိုကလေးမြို့မရဲစခန်းအား ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်

By မင်းထက် (မဇ္စျိမ)
07 May 2023
ဘိုကလေးမြို့မရဲစခန်းအား ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ ကမ်းနားလမ်းရှိ၊ မြို့မရဲစခန်းကို 79 ဗုံးပစ်လောင်ချာ ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီလင်းပိုင်(မော်ကျွန်း)အဖွဲ့က ယနေ့ မေလ ၇ ရက် နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

အဆိုပါ ရဲစခန်းကို ယမန်နေ့ မေလ ၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျက်စီး မှုအခြေအနေအသေးစိတ်ကို အတိအကျမသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဘိုကလေးမြို့နယ်စခန်းမှူးနှင့်နောက်လိုက်များသည် ပြည်သူလူထုကို နည်းမျိုးစုံဖိနှိပ်နေပြီး၊ တော်လှန် ရေးအင်အားစုများကို ဖမ်းဆီးခြင်း၊ မဆိုင်သည့်ပြည်သူများအား ဖမ်ဆီးနှိပ်စက်ပြီး ငွေညှစ်ခြင်း၊ ခြိမ်း ခြောက်ခြင်း၊ မတရားဖမ်းဆီးခံရသည့် အကျဥ်းသားများကို လိင်အကြမ်းဖက်မှုများပါ ပြုလုပ်နေသည့် အတွက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

“၄၀ မမ ဗုံးသီးနှစ်လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ ရဲတွေဘက်က သေနတ်နဲ့ ပြန်ပစ်တာတွေရှိခဲ့ပေမယ့် ကျွန် တော်တို့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ရဲစခန်းအတွင်းပိုင်း ပျက်စီးမှုကိုတော့ ကျွန်တော် တို့လည်း စုံစမ်းနေတုန်းပါ” ဟု ၎င်းကဆိုသည်။

ပစ်ခတ်မှုကို ဧရာဝတီလင်းပိုင်(မော်ကျွန်း)၊ ဘိုကလေးလင်းပိုင်နှင့် မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့ညပိုင်းက ပေါက်ကွဲသံများနှင့်ပတ်သတ်၍ ရဲစခန်းဝန်းအတွင်းမှ ကျယ်လောင်သည့် ပေါက်ကွဲ သံများ ကြားခဲ့ရကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက မြို့ကိုပတ်နေသည့်အတွက် ထိခိုက်ပျက်စီးမှု ရှိ၊ မရှိ အတိအကျမသိရှိရကြောင်း ဒေသခံများက မဇ္စျိမကို ပြောသည်။

လက်ရှိတွင် ဘိုကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ၄၀ မမ ပစ်ခတ်မှုအား အကြောင်းပြကာ ဒေသခံများအား လိုက်လံဖမ်းဆီးနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း

#ဘိုကလေးမြို့

#မြို့မရဲစခန်း

#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly