ချင်းတောင်တန်းကြီးပေါ်က အမယ်အိုမျက်ရည်

By ဆလိုင်းယောလင်းထန်း (မဇ္ဈိမ)
07 May 2023
ချင်းတောင်တန်းကြီးပေါ်က အမယ်အိုမျက်ရည်

အေးချမ်းသာယာလှတဲ့ရွာလေးက လုံခြုံတဲ့အိမ်လေးထဲမှာနေရင်းကနေ အသက် ၇၅ နှစ်ကျော်မှ အိမ်မီးရှို့ခံရပြီးစစ်ဘေးရှောင်ဘဝကို နေ့ချင်းညချင်းရောက်ရှိသွားတဲ့ ချင်းတိုင်းရင်းသား အဘွားအိုတစ်ဦးရဲ့ ရင်ဖွင့်စကားသံရယ်ပါ။

၀လံတဲရွာဆိုတာ ချင်းပြည်နယ်၊မတူပီမြို့နဲ့ပလက်ဝလမ်းမကြီးဘေးမှာ တည်ထားတဲ့အိမ်ခြေ ၇၀ခန့်ရှိတဲ့ ချင်းရွာတစ်ရွာပါ။ရွာသူရွာသားတွေကလည်း အေးအေးဆေးဆေးရှိကြပြီး မိရိုးဖလာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်ရင်း ချင်းတောင် တန်းကြီးရဲ့အရိပ်မှာ အေးအေးလူလူ နေကြတာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းမှာတော့ သူတို့ရဲ့ ရွာလေးဟာ ကံဆိုးမိုးမှောင်ကျခဲ့ပါတယ်။ မတူပီနဲ့ပလက်ဝနယ်နိမိတ်အစပ်မှာရှိတဲ့ ထယ်ဘွေစခန်းကို ရိက္ခာနဲ့လူအင်အားလာရောက်ဖြည့်တင်းတဲ့ စစ်ကောင်စီစစ်ကြောင်းက လမ်းတစ်လျောက်မှာရှိတဲ့ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတတယ်။ မီးရှို့ခံရတဲ့ ရွာတွေထဲမှာ ဝလံတဲကျေးရွာလည်း ပါဝင်ခဲ့ပြီး စုစုပေါင်းအိမ်ခြေ ၁၅ လုံးမီးလောင်ပြာကျခဲ့ရပါတယ်။ ဒီလိုပြာကျသွားတဲ့နေအိမ်တွေထဲမှာ ချင်းတိုင်းရင်းသူ အဘွားအိုရဲ့နေအိမ်လည်းပါဝင်ခဲ့ပါတယ်။

ချင်းလူမျိုးတွေက အိမ်ကိုတန်ဖိုးထားချစ်မြတ်နိုးပြီး ကိုယ့်ရဲ့ချွေးနည်းစာမှန်ကို မစားမသောက်ပဲနေအိမ်ဆောက်လုပ်ကြတာပါ။ဒါကြောင့်လည်းချင်းတောင်တန်းမှာ အိမ်ကြီးအိမ်ကောင်းတွေအများဆုံးတွေ့နေရတာပါ။ ချင်းလူမျိုးတွေ ဒီလိုတန်ဖိုးထားတဲ့ အိမ်တွေကို စစ်ကောင်စီစစ်သား‌တွေက ခပ်လွယ်လွယ်ပဲ မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ ဝလံတဲရွာသူ ချင်းတိုင်းရင်းသူ အဘွားအိုဟာ သူ့‌အမျိုးသားနဲ့ သူ့သား ရှိစဉ်က သူ့အတွက် အမြတ်တနိုးဆောက်ပေးခဲ့တဲ့ အိမ်လေး မီးရှို့ခံရတဲ့အတွက် ရင်နဲ့မဆန့်အောင် နာကျင်နေရှာပါတယ်။

''ကျွန်မ သားတွေကပြောတယ်။အခုလက်ရှိနေအိမ်ကိုဖျက်ပြီးအမေအတွက်အိမ်အသစ်ပြန်ဆောက်ပေးပါ့မယ်ပြောပေမဲ့ ကျွန်မကလက်မခံခဲ့ဘူး။အခုအိမ်က ကျွန်မအတွက် ကျွန်မရဲ့သား ချွေးနည်းစာနဲ့ ကျွန်မယောင်္ကျားကဆောက်ပေးထားတာ"လို့ ဆိုပါတယ်။

သွားလေသူ အမျိုးသားနဲ့ သားဖြစ်သူရဲ့ အငွေ့ အသက်‌တွေ လွှမ်းခြုံနေတဲ့ ဒီအိမ်လေးဟာ သူ့အတွက် အိမ်တစ်အိမ်ဆိုတာထက် ပိုပြီး လုံခြုံမှုပေး ခဲ့တာပါ။

" ဒီအိမ်လေးကဘယ်လောက်ဟောင်းနွမ်းနေပါစေ။ ဒီမှာနေရတယ်ဆိုတာ ကျွန်မယောက်ကျားနဲ့ သားရဲ့ငွေ့အသက်တွေရှိနေတယ်လို့ခံစားခဲ့ရတာ။ အခုတော့ အိမ်လည်းပြာကျ သွားခဲ့ပြီ"လို့စစ်ဘေးရှောင်နေရတဲ့ အဘွားအိုက ပြောပြပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ကျော်၊ ၂၀၀၀ခုနှစ်ဝန်းကျင်မှာ ယောက်ကျားနှင့်သားဖြစ်သူက ရွာကနေစွန့်ခွာပြီး တနယ်တကျေးမှာရုန်းကန်လုပ်ကိုင်ရင်း ဒီအိမ်ကိုဆောက်ပေးခဲ့တာလို့အဘွားက ပြန်ပြောပါတယ်။

''ကျွန်တော်တို့ချင်းတွေမှာ ချင်းထုံးစံဆိုတာရှိတယ်။မိဘတွေက သူ့မိသားစု၊သားသမီးတွေလုံခြုံစွာနေ ထိုင်ရဖို့ ဆင်းရဲပင်ပန်းခံပြီးအိမ်တွေဆောက်ကြတယ်။ပြီးတော့ အမွေပေးရင်လည်း မိသားစုထဲမှာ အငယ်ဆုံးသောသူက အိမ်ကိုပိုင်ဆိုင်ခွင့်ရတယ်။အရင်အချိန်တွေကဆိုရင် အခုမီးလောင်ပြာချခံရတဲ့ရွာကသွပ်ပြားတွေဆိုရင် လူကြီးတွေက မီဇိုရမ်ဘက်ခြမ်း(အိန္ဒိယနိုင်ငံဘက်) ကိုခြေကျင်သွားပြီး ထမ်းလာကြရတယ်။ အဲဒီလိုနဲ့အိမ်တွေဆောက်တာ''လို့ ချင်းတောင်တန်းပေါ်က ရိုးရာအိမ်လေးတွေရဲ့ သမိုင်းတစိတ်တပိုင်းကို ၀လံတဲရွာသားတစ်ဦးကပြောပြပါတယ်။

လတ်တလော ချင်းတောင်တန်းရဲ့ အ‌ခြေအနေနဲ့ပတ်သက်ပြီး သူက အခုလို ဆက်ပြီး ငြီးတွားပါတယ်။

" အခုတော့ ချင်းတောင်က ရွာတွေက အိမ်တွေတော်တော်များကို စစ်တပ်က မီးရှို့တာတော်တော်လေးခံကြရတယ်"

ဝလံတဲရွာထဲကိုစစ်တပ်ကဝင်ပြီး မီးရှို့ပြီးတဲ့လုပ်ရပ်က ဒေသခံတွေကို အိမ်ခြေမဲ့စေတာတစ်ခုတည်း မဟုတ်ခဲ့ပါဘူး။ ချင်းတိုင်းရင်းသူအဘွားအိုတစ်ဦးဆိုရင်မီးထဲပါသွားတဲ့ သူ့အိမ်ကိုကြည့်ရင်း နှလုံးရပ်ပြီး သေဆုံးသွားခဲ့ပါသေးတယ်။

''ဝေးလံခေါင်ဖျားတဲ့ ချင်းပြည်နယ်က ပြည်သူတွေဟာ ပျဥ်ထောင်အိမ် ၊ သွပ်အမိုးနဲ့ အိမ်တစ်လုံး ဖြစ်လာဖို့အတွက် သွေး၊ ချွေးရင်းပြီး အနှစ်နှစ် အလလ စုဆောင်းကြရတာပါ။ လူကို ခန္ဓာကိုယ်ကို သတ်မှ သေတာ မဟုတ်ဘူး ၊ စိတ်ကို သတ်လည်း သေပါတယ် ။ ပြာကျသွားတဲ့ အိမ်ကိုမြင်ပြီး နှလုံးရပ်အသက်ဆုံးပါးသွားတဲ့ အဘွားအိုတစ်ဦးရဲ့ အဖြစ်က သက်သေပါပဲ''လို့ ရွာသားတစ်ဦးကဆိုပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံတော်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ချင်းတောင်တန်းပေါ်က ဘုရားကျောင်း တွေနဲ့ ဘုန်းတော်ကြီးကျောင်း‌တွေ ၊တိုက်နယ်ဆေးရုံ တွေနဲ့လူနေအိမ်အမြောက်အများကိုမီးရှို့ဖျက်ဆီး ခဲ့ပါတယ်။ချင်းအရပ်ဖက်အဖွဲ့အစည်း‌တွေရဲ့ စစ်ဆေးဖော်ထုတ်မှုနဲ့ဒေသခံချင်းကာကွယ်ရေးတပ်တွေထံ အလင်းဝင်လာတဲ့ စစ်သားတွေရဲ့ပြောကြားချက်များအရဆိုရင် ချင်းတောင်တန်းပေါ်က အိမ်တွေကို မီးရှို့ဖို့ စစ်ခေါင်းဆောင်တွေက အမိန့်ပေးထားတာလို့ သိရပါတယ်။ အထက်ကအမိန့်၊ညွန်ကြားချက်တွေကြောင့် အခုလို မီးရှို့တဲ့အလုပ်ကို လုပ်တာလို့လည်း လက်နက်ချအလင်းဝင်လာတဲ့ စစ်သားတွေက ဝန်ခံထားပါတယ်။

''မင်းတို့လက်စလက်နမကျန်စေနဲ့။ အားလုံးရှင်းပစ်လိုက်ပါ'' ဆိုတဲ့ စစ်ကြောင်းမှူးရဲ့ အမိန့်ကြောင့် ဝလံတဲရွာအပါအဝင် ချင်းတောင်တန်းပေါ်က နေအိမ်တွေကို မီးရှို့ခဲ့တာလို့ အလင်းဝင်လာတဲ့ စစ်သားတစ်ဦးက ဖွင့်ဟဝန်ခံထားပါတယ်။

ဇရာအရွယ်ရောက်ကာမှ အိမ်ခြေမဲ့ဘဝ‌ ရောက်ရတဲ့ ဝလံတဲရွာက ချင်းတိုင်းရင်းသူကြီးကတော့ စစ်ဘေးရှောင်နေရာတစ်ခုမှာ ခိုလှုံရင်း ယခင်က သူနေခဲ့တဲ့ အိမ်လေးကို လွမ်းဆွတ်နေပါတယ်။ သွားလေသူ အမျိုးသားနဲ့ သားဖြစ်သူရဲ့ ‌ အငွေ့အသက်တွေ လွှမ်းခြုံခဲ့တဲ့ အိမ်လေးဟာ ချင်းတောင်တန်းကြီးပေါ်မှာ အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့ရှာပါပြီ။ ဒီအချိန်မှာ အဘွားအိုရဲ့ ရင်ထဲမှာ ဘယ်လောက်အထိ ဝမ်းနည်းနာကျင်နေမလဲဆိုတာ ကာယကံရှင်ကလွဲလို့ ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။ ။

######

ဓာတ်ပုံ / မတူပီမြို့နယ်၊ဝလံတဲနှင့်ကလားကျေးရွာက နေအိမ်အချို့ မီးရှို့ခံထားရသည့်မြင်ကွင်း

#မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly