လူမျိုးတုံးသတ်ဖြတ်ရေးနှင့်ပတ်သက်နေသည့် မြန်မာစစ်အုပ်စု၏ ၀ါဒဖြန့်ချိရေးသတင်းများကို Canel+ နှင့် Thaicom က ထုတ်လွှင့်နေ

By ကီရာ (မဇ္ဈိမ)
06 May 2023
လူမျိုးတုံးသတ်ဖြတ်ရေးနှင့်ပတ်သက်နေသည့် မြန်မာစစ်အုပ်စု၏ ၀ါဒဖြန့်ချိရေးသတင်းများကို Canel+ နှင့် Thaicom က ထုတ်လွှင့်နေ

Canel+ နှင့် Thaicomသည် လူမျိုးတုံးသတ်ဖြတ်ရေးနှင့်ပတ်သက်နေသည့် မြန်မာစစ်အုပ်စု၏ ၀ါဒဖြန့်ချိရေးသတင်းများကို ထုတ်လွှင့်နေကြောင်း Justice For Myanmar မှ ယနေ့ မေလ ၆ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရုပ်သံလိုင်းများကို လစဉ်ကြေးပေးသွင်းပြီး ၀ယ်ယူကြည့်ရှုရသည့် လုပ်ငန်းတစ်ခုဖြစ်သည့် Canel+နှင့် ၎င်း၏ ဂြိုဟ်တုလုပ်ငန်းမိတ်ဖက် Thaicom တို့သည် ကုလသမဂ္ဂ၏စီးပွားရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာလမ်းညွှန်မှုများ၊ OECD လမ်းညွှန်ချက်များ ၊ နိုင်ငံတကာဥပဒေနှင့် စံနှုန်းတွေအရ သူတို့ လိုက်နာရမည့် တာဝန်ဝတ္တရားများကို ဆန့်ကျင်ပြီး မြန်မာစစ်အုပ်စု၏ ဝါဒဖြန့်ချိရေးသတင်းများကို ထုတ်လွှင့်နေကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

Canal+ နဲ့ Thaicom တို့ဟာ စစ်အုပ်စုကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲ သတ်မှတ်ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်၊ ဥပဒေမဲ့ထောင်ချ၊ စစ်အုပ်စုရဲ့ တရားရုံးတွေက သေဒဏ်ချမှတ် ခံရသူတွေရဲ့ ရုပ်ပုံတွေကို ပုံမှန်ထုတ်လွှင့်နေတဲ့ MRTV နဲ့ နိုင်ငံတကာ ဝါဒဖြန့်ချိရေးရုပ်သံလိုင်း MITV တို့ကို ထုတ်လွှင့်ပေးနေတာဖြစ်သည့်အပြင် ၎င်းတို့ ထုတ်လွှင့်ပြသခဲ့သည့် အကျဉ်းသားများ၏ ရုပ်ပုံတွေမှာ မျက်နှာ ဖူးယောင်ဒဏ်ရာများနှင့် အနှိပ်စက်ခံထားရသည့် လက္ခဏာတွေ၊ သူတို့၏ နာမည်တွေနှင့်ဖော်ပြထားသည့် အနီးကပ်ပုံတွေပါ ပါဝင်နေကြောင်း သိရသည်။

အဆိုပါ ရုပ်သံများကို ထုတ်လွှင့်ပြသခြင်းသည် စစ်သုံ့ပန်းတွေအပေါ် ပြုမူဆက်ဆံရေးနဲ့ ပတ်သက်ပြီး တတိယ ဂျီနီဗာသဘောတူညီချက် (၁၉၄၉) ရဲ့ ပုဒ်မ ၁၃ (၂) ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် “စစ်သုံ့ပန်းတွေကို အချိန်ပြည့် အကာအကွယ်ပေးရမယ်။ အထူးသဖြင့် စစ်သုံ့ပန်းတွေကို အကြမ်းဖက်တာ သို့မဟုတ် ခြိမ်းခြောက်တာ၊ စော်ကားတာ သို့မဟုတ် လူထုတွေ စိတ်ဝင်စားအောင် အသုံးချတာတွေကနေ ကာကွယ်ပေးရမယ်”ဟူသောအချက်နှင့် ဆန့်ကျင်နေပြီး ယင်း ပုဒ်မ ၁၃ (၂) ပါ ပြဋ္ဌာန်းချက်သည် နိုင်ငံတကာစစ်ပွဲပဋိပက္ခတွေအတွက် မူလက သတ်မှတ်ခဲ့သော်လည်း Protocol II မှာ နိုင်ငံတကာမဟုတ်သည့် စစ်ပွဲပဋိပက္ခတွေနဲ့လည်း သက်ဆိုင်အကြုံးဝင်တယ်လို့ တိုးချဲ့သတ်မှတ် ထားကြောင်း ၎င်းတို့ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် Canal+ နှင့် Thaicom တို့သည် MRTV ၏ ‘ဘင်္ဂါလီ’ ဆိုသည့် အသုံးအနှုန်းကို လူမျိုးတုံးသတ်ဖြတ်မှု အသုံးအနှုန်းမှန်းသိလျက်နဲ့ ထုတ်လွှင့်နေကြခြင်းနှင့် ပတ်သက်၍ “ဘင်္ဂါလီ” လို့ ရည်ညွှန်းတဲ့ အကြောင်းအရာတွေကို ထုတ်လွှင့်ခဲ့တဲ့အချက်က ICJ ရဲ့ ကြားကာလဆောင်ရွက်ရမယ့် အစီအမံတွေဖြစ်တဲ့ “လူမျိုးတုံး သတ်ဖြတ်မှု တိုက်ရိုက်ကျူးလွန်ခြင်းနှင့် လူထုကြားလှုံ့ဆော်ခြင်းကိုတားမြစ်သည်” ဆိုတဲ့ အချက်ကို လျစ်လျူရှုနေတာ ဖြစ်ပါတယ်"ဟု Justice For Myanmar မှ ထုတ်ပြန်ထားသည်။

Canal+ သည် ခရိုနီကုမ္ပဏီ Forever Group နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ လစဉ်ကြေးသွင်းပြီးကြည့်ရသည့် ရုပ်သံစီးပွားရေးတစ်ခုကို ၂၀၁၈ ခုနှစ်မှာ စပြီး လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ Forever Groupသည် မြန်မာစစ်တပ်နဲ့ ကာလရှည်လက်တွဲလာသည့် ရုပ်သံထုတ်လွှင့်ရေးမိတ်ဖက်ဖြစ်ပြီး၊ အရင်က Forever Group ဟာ အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်တာကို ခံခဲ့ရကြောင်း ထုတ်ပြန်ချက်မှတစ်ဆင့် သိရသည်။

ထို့အပြင် Canal+၏ ဂြိုဟ်တုလုပ်ငန်းမိတ်ဖက် ထိုင်းဂြိုဟ်တု ကော်ပိုရေးရှင်း Thaicomသည် မြန်မာစစ်တပ်နှင့် နက်ရှိုင်းသည့် ဆက်ဆံရေးရှိနေကြောင်းနှင့် ယခင်က မြန်မာစစ်တပ်၏ မြဝတီ ရုပ်မြင်သံကြား (MWD) ချန်နယ်တွေကို ထုတ်လွှင့်ပေးခဲ့သည်ဟု သိရသည်။ ဆက်လက်ပြီး Thaicom သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ဝန်ဆောင်မှုသဘောတူစာချုပ်ကိုလည်း၂၀၂၁ ခုနှစ်မှာ သက်တမ်းထပ်မံတိုးထားသည်ဟု ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#Canel

#Thaicom

#လူမျိုးတုံး

#လူ့အခွင့်အရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly