နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၆ မေ  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၆ မေ  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ငြိမ်းချမ်းရေးရေရှည်တည်တံ့ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး ဆိုင်ရာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်ကို ထိထိရောက်ရောက် အရေးယူရန် ထပ်မံတိုက်တွန်းလိုက်သည်။ 

  • ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို မေ ၈ ရက် တနင်္လာနေ့ မနက် ၁၀ နာရီမှာ ကျင်းပသွား မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က အသိပေး ကြေညာသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ပုလဲမြို့နယ်တွင် အခြေစိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင် အမှတ် (၇) တပ်ရင်း၊ အမှတ် (၁၀)တပ်ရင်းနှင့် အမှတ် (၁၂) တပ်ရင်းကို ပူးပေါင်းပြီး ပုလဲ ဗျူဟာကို ဖွဲ့စည်းပြီးဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။ 

  • ၂၀၂၃ ခုနှစ်၊ ပထမ လေးလပတ်အတွင်း အကြမ်းဖက်ရန်သူ့တပ်ဖွဲ့ဝင်(၃၉၄၈) ဦး ကို သေဆုံးစေခဲ့ပြီး (၁၇၆၀) ဦး ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) ထုတ်ပြန်သည်။ 

  • အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များ၏ မိစ္ဆာဒိဌိ အတွေး အခေါ်ကို အမြစ်ဖြတ်နိုင်မှသာလျှင် မြန်မာနိုင်ငံ၏ တည်ငြိမ် ငြိမ်းချမ်းမှုနှင့် ဖွံဖြိုးတိုးတက် မှုရမည်ဖြစ် ကြောင်း နိုင်ငံတကာကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေး ပြောဆိုလိုက်သည်။ 

  • ဘင်္ဂလားပင်လယ်အော်တွင် မေလ ၈ရက်ခန့်မှစ၍ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး ဆိုင်ကလုန်း မုန်တိုင်း အဆင့်အထိ အားကောင်းလာနိုင်သောကြောင့် ယခုရက်ပိုင်း ရာသီဥတုအခြေအနေများကို ကြိုတင်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိုးလေဝသပညာရပ်ဆိုင်ရာ လေ့လာသူများက သတိပေးသည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ပေါ်ရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ် အစပ်ရှိ ကျေးရွာ ၇ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း မုံရွာ-အမြင့်လမ်း သပိတ် ဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို ပစ်သတ်သွား​ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ SNA စခန်း ၂ ခုကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အထိနာသဖြင့် အကြမ်းဖက်စစ်တပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဟုမ္မလင်း မိုးကြိုး PDF တပ်ဖွဲ့ထံမှ သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့် စဥ့်ကူး မြို့နယ် အစပ်တို့တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်မှ ၃၇ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည် သူပိုင် ပစ္စည်းများကို လုယက်နေ သော စစ်တပ်စစ်ကြောင်းကို PDF တပ်ပေါင်းစုက တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း Tbkတောဆင်ရိုင်း ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ "နောင်နှစ်ပေါင်းများစွာ တိုင်းပြည် အေးချမ်းသာယာဖို့ ဖက်ဆစ်တပ်ကို ဖယ်ရှားစို့" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။ 

  • ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်သောကြောင့် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။ 

  • ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ကုန်းကြီးကျေးရွာ၊ နတ်မော်လမ်းမပေါ်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်းသိရသည်။ 

  • ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် NLD ရုံးရှိဆိုင်းဘုတ်များနှင့် ဘန်နာ(ဗီနိုင်း)များကို စစ်ကောင်စီ တပ်များ၊ ရဲများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ ယမန်နေ့ မေလ ၅ ရက်၊ နံနက် ၉ နာရီခန့်အချိန်က ဖျက်ဆီး သွားကြောင်းသိရသည်။ 

  • ယနေ့ မေလ ၆ ရက်နေ့တွင် နေပြည်တော်၌ စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနား(အကယ်ဒမီ)အား သပိတ်မှောက်ရန်လိုအပ်ကြောင်း တော်လှန်အင်အားစုများက ပြောသည် 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ၊မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ မေလ ၆ရက်‌ နံနက်ပိုင်းက တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။ 

  • ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ယုဇနတာဝါရှိ MyTel Showroom နှင့် ဘေးကပ်လျက်ရှိ အရက်ဆိုင်အား Dark Shadow (YGN UG) အဖွဲ့မှ မေလ ၅ ရက် ည ၇ နာရီအချိန်တွင် ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။ 

  • နိုင်ငံမဲ့ ရိုဟင်ဂျာ လူနည်းစုများ နေရပ်ပြန်ရေးအတွက် မြန်မာနိုင်ငံတွင် တည်ဆောက်ပေးထားသော အဆောက်အအုံများကို သောကြာနေ့က သင့်တော်မှု ရှိမရှိ လာရောက်ကြည့်ရှုခဲ့သည့် ရိုဟင်ဂျာအဖွဲ့က ၎င်းတို့အနေဖြင့် ဆန္ဒအလျောက် မြန်မာနိုင်ငံဆီ ပြန်ရေးကို သဘောတူလိမ့်မည် မဟုတ်ကြောင်း အေအက်ဖ်ပီသို့ ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ချင်းပြည်နယ် မတူပီမြို့နယ်၊ ချင်းလဲန်ကာကွယ်ရေး တပ်ဖွဲ့-မတူပီ (CDF ) ၏ အထူး စစ်ဆင်ရေး တစ်ရပ် အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင်သုံးဦးကို ရှင်းလင်း နိုင်ခဲ့ပြီး သေနတ် တလက်ရရှိခဲ့တယ်လို့ Chinland Defense Force- Matupi ယနေ့တွင် အသိပေးထုတ်ပြန်သည်။ 

  • ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း မေလ ၁ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်သား ၂၀ ဝန်းကျင် သေဆုံးပြီး လက်နက် ၁၁ လက်နှင့် ခဲယမ်းမျာ သိမ်းဆည်းရမိခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်CNA နှင့် ဒေသသတင်းရင်း မြစ်များက အတည်ပြုပြောသည်။ 

  • KNU ထိပ်တန်းခေါင်းဆောင်တချို့ကို တရားမဝင်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှု ရှိ၊ မရှိ စစ်ဆေးအရေး ယူမည်ဖြစ်ကြောင်း KNU ဗဟိုက KNU တပ်မဟာ ၅ ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့သော အကြောင်းပြန်စာအရ သိရှိရသည်။ 

  • ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့သစ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြည်သူများအားလုံးနှင့်အတူ လက်တွဲသွား မည်ဖြစ်ကြောင်း KNU က တရားဝင် ထုတ်ပြန်ကြေညာသည်။ 

  • ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ စစ်ကောင်စီ၏ တပ်မ (၄၄) ဌာနချုပ်အား KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ ကြောင်း သထုံခရိုင် PDF တာဝန်ခံက မဇ္ဈိမကိုပြောသည်။ 

  • ကေအိုင်အိုအစိုးရရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကျင်းပခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ယနေ့ မေလ ၆ ရက်နေ့တွင် ကေအိုင်အိုအစိုးရ ပညာရေးဌာနက ထုတ်ပြန် ကြေညာလိုက်သည်။ 

စစ်ကောင်စီ 

  • သဘာဝဘေးအန္တရာယ်ဖြစ် ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကြိုတင် ပြင်ဆင်ထား ရှိကြောင်း စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောဆိုထားသည်။ 

  • ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့်ဘဝရပ်တည်ရေးတို့တွင်ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်းအကြမ်းဖက် စစ်ကောင်စီ၏  ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး သန်းဆွေက ပြောသည်။ 

  • ကုန်းလမ်းသွားလာရေးခက်ခဲသည့်ဒေသများသို့ လေကြောင်းနှင့် ရေကြောင်းလိုင်းများ တိုးချဲ့ပြေး ဆွဲနိုင် ရေး ဆောင်ရွက်ရန်  အကြမ်းဖက်မင်းအောင်လှိုင်က မေလ ၅ ရက်က ပြုလုပ်သည့် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအတွင်း ပြောသည်။ 

  •  မြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့  ၏ ဆွေးနွေးဖက်နိုင်ငံ အဖြစ် ခွင့်ပြုကြောင်း စာချွန်လွှာ ကို အိန္ဒိယနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး မိုးကျော်အောင်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် တို့ သည်မေလ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။ 

မေ ၆ ရက် သုံးသပ်ချက် 

  • အစွန်းရောက်အမျိုးသားရေးသွင်ပြင်လက္ခဏာရှိသည့် အကြမ်းဖက်စစ်အုပ်စုမှ ရိုဟင်ဂျာများအပေါ် ယခင်ကတည်းက ခွဲခြားဖိနှိပ်ဆက်ဆံကာ လူမျိုးတုန်းသတ်ဖြတ်မှုများကျူးလွန်ခဲ့၍ ရိုဟင်ဂျာများ နိုင်ငံ ပြင်ပသို့ ထွက် ပြေးခဲ့ရခြင်းဖြစ်သည်။အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ အစုလိုက်အပြုံလိုက်သတ် ဖြတ်ခြင်းများ ရွာလုံးကျွတ်မီးရှို့ခြင်းများကြောင့် ပြည်သူသောင်းနှင့်ချီနေရပ်စွန့်ခွာထွက်ပြေးနေရချိန် ရိုဟင်ဂျာများကို ပြန်လက်ခံမည်ဟုဆိုသည်မှာ ဟန်ပြသက်သက်သာဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ 

  • ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်တပ်မှ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို အသေများပြီး တပ်ပျက်လုနီးပါးဖြစ်နေသည်။ချင်းပြည်သူ့ကာကွယ်ရေးတပ်များမှလည်း အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်နိုင်သည့်အထိ အင်းအားတောင့်တင်းကာ နယ်မြေစိုးမိုးမှုရှိလာသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly