ပန်ဝါမြို့ မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုများရှိနေ

By KMN(မဇ္ဈိမ)
06 May 2023
ပန်ဝါမြို့ မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုများရှိနေ
Photo - Myanmar Resource Watch

ကချင်ပြည်နယ်၊ ပန်ဝါမြို့ရှိ တရုတ်လူမျိုးလုပ်ငန်းရှင်များ လုပ်ကိုင်နေသည့် တရားမဝင် မြေရှားသတ္တု တူးဖော်သည့် လုပ်ငန်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုများ ရှိနေကြောင်း Myanmar Resource Watch အဖွဲ့က ယနေ့ မေလ ၆ ရက်တွင် ထုတ်ပြန်သည်။

တရုတ်အစိုးရသည် ၂၀၁၆ ခုနှစ်မှစတင်ပြီး မြေရှားသတ္တု တူးဖော်မှု၏နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် တရုတ်နိုင်ငံတွင်း မြေရှားသတ္တုတူးဖော်မှုကို ရပ်ဆိုင်းခဲ့သည်။

ယင်းနောက် တရုတ်လုပ်ငန်းရှင်များသည် ကချင်ပြည်နယ်၊ ပန်ဝါမြို့၊ကချင်အထူးဒေသ(၁)သို့ တရားမဝင်  မြေရှားသတ္တု တူးဖော်ရန် ရောက်ရှိလာကြပြီး အာဏာသိမ်းပြီးနောက်တွင် တစ်ဟုန်ထိုး မြင့်တက်လာကာ လက်ရှိတွင် မြေရှားသတ္တုတူးဖော်မှုအတွက် သတ္တုပျော်ရည် စုဆောင်းသည့်ကန်ပေါင်း ၂,၇၀၀ ကျော် ရှိလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်၊ ပန်ဝါမြို့၊ ကချင်အထူးဒေသ(၁)သည် စစ်ကောင်စီလက်အောက်ခံများဖြစ်သည့် ဇခုန်တိန်ယိမ်းခေါင်းဆောင်သည့် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းများ ချုပ်ကိုင်လွှမ်းမိုးသော ဒေသဖြစ်ပြီး ငွေကြေးအပေးအယူလုပ်ကာ တူးဖော်နေခြင်းဖြစ်ကြောင်း ဒေသခံများက MRW အဖွဲ့ကို ပြောသည်။

"ပန်ဝါမြို့မှာဆို မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တွေကြောင့် တောတောင်သဘာဝတွေ အတော်ပျက်စီးသွားပြီ၊ မြေရှားသတ္တုတူးဖော်မှုဟာ ကချင်မှာကြုံတွေ့နေရတဲ့ အဓိကစိန်ခေါ်မှု တစ်ခုပဲ"ဟု ကချင်ပြည်နယ် သယံဇာတစောင့်ကြည့်သည့်အရပ်ဖက်အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ကချင်ပြည်နယ်၊ ပန်ဝါမြို့ရှိ တရုတ်လူမျိုး လုပ်ငန်းရှင်များ လုပ်ကိုင်နေသည့် တရားမဝင် မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်းများတွင် အမျိုးသမီးများအတွက် ထမင်းချက်၊ ရေကြည့်၊အထွေထွေနှင့်အိပ်ရာခင်း စသည့်အလုပ်များရှိပြီး အိပ်ရာခင်းအမျိုးသမီးလုပ်သားများသည် တရုတ်လုပ်ငန်းရှင်များနှင့် နေထိုင်ရကာ လိုအင်ဆန္ဒများအားလုံး ဖြည့်ဆည်းပေးရကြောင်း Myanmar Resource Watch အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အိပ်ရာခင်းအမျိုးသမီးလုပ်သားများသည် အမျိုးသမီးလုပ်သားများအနက် လစာအများဆုံးဖြစ်ပြီး တစ်လလျှင် တရုတ်ယွမ်ငွေ ၅,၀၀၀ မှ ၁၀,၀၀၀ ကြား ရရှိကြောင်း သိရသည်။

တရုတ်လုပ်ငန်းရှင်များသည် လုပ်ငန်းခွင်အတွင်း အမျိုးသမီးလုပ်သားများကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုများပြုလုပ်ပြီး ငယ်ရွယ်သည့် အမျိုးသမီးလုပ်သားများကို အိပ်ရာခင်းလုပ်သားများအဖြစ် ငွေကြေးဖြင့် ဖြားယောင်းခြင်း၊ ဖိအားပေးခြင်းများပြုလုပ်လေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်များတွင် အသက် ၂၀ မှ ၄၀ အရွယ် လူငယ်နှင့် လူလတ်ပိုင်းများ ဝင်ရောက်လုပ်ကိုင်မှု များပြားနေပြီး အမျိုးသားအများစုမှာ အထွေထွေ၊ ဘေးကျင်းဖောက်၊ အပေါ်ကျင်းတူး စသည့်အလုပ်ကြမ်းများ လုပ်ကိုင်ကြရကာ လစာမှာ တစ်လလျှင် တရုတ်ယွမ် ၃,၃၀၀ မှ ၄,၅၀၀ ကြား ရကြကြောင်း သိရသည်။

အမျိုးသားအထွေထွေလုပ်သားများသည် မြေကျင်းများထဲသို့ အမိုနီယမ်ဆာလဖိတ်ပျော်ရည် လောင်းထည့်သည့်အလုပ်များ လုပ်ရပြီး ထိုပျော်ရည်များကို တောင်ခြေကန်များအတွင်း စစ်ထုတ်ပြီး မြေရှားသတ္တုထုတ်လုပ်ရကြောင်း MRW အဖွဲ့ကဆိုသည်။

အမိုနီယမ်ဆာလဖိတ် ပါဝင်သည့် စွန့်ပစ်ရေများကို နီးစပ်ရာ ချောင်းများအတွင်းသို့ စွန့်ပစ်ကြပြီး တူးဖော်မှုပြီးစီးခဲ့သည့် မြေကျင်းများ၊ ကန်များအား ပြန်လည်သိမ်းဆည်းခြင်းမပြုဘဲ စွန့်ပစ်ခဲ့သည့်အတွက် တောင်ကတုံး၊ မြေကျင်းများ၊ ဓာတုပစ္စည်းအမှိုက်၊ စွန့်ပစ်ရေများမှာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်မှုရှိနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုထုတ်ပြန်ချက်သည် ပန်ဝါမြို့နှင့် ချီဖွေမြို့နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံများ၊ မြေရှားသတ္တုတူးဖော်ရေးတွင် လုပ်ကိုင်နေသည့် အလုပ်သမားများ အပါအဝင် လူပေါင်း ၃၀ခန့်ကို မေးမြန်းခဲ့ပြီး လုံခြုံရေးအရ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းခွင်အတွင်း ကြည့်ရှုနိုင်ခြင်းမရှိဘဲ အဝေးမှသာ ဓာတ်ပုံမှတ်တမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ပန်ဝါမြို့ရှိ တရုတ်လူမျိုး လုပ်ငန်းရှင်များ လုပ်ကိုင်နေသည့် တရားမဝင် မြေရှားသတ္တု တူးဖော်သည့်လုပ်ငန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုများ ရှိနေသည့်နည်းတူ မူးယစ်ဆေးဝါးနှင့်ကျန်းမာရေးပြဿနာများ၊ သစ်တောပြုန်းတီးခြင်းများ၊ မြေယာသိမ်းယူခြင်းများ၊ ရေသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၊ ဒေသခံများ၏ လူမှုဘဝ ဆိုးကျိုးများဖြစ်ပေါ်နေပြီး တရားမဝင် မြေရှားသတ္တု တူးဖော်မှုကို အမြန်ဆုံး ရပ်ဆိုင်းရန် လိုအပ်နေကြောင်း Myanmar Resource Watch အဖွဲ့က ထုတ်ပြန်ထားသည်။ 

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly