စစ်ကောင်စီကျင်းပမည့် အကယ်ဒမီပေးပွဲအား သပိတ်မှောက်ရန်လို 

By ဂန္ဒမာ(မဇ္ဈိမ)
06 May 2023
စစ်ကောင်စီကျင်းပမည့် အကယ်ဒမီပေးပွဲအား သပိတ်မှောက်ရန်လို 

ယနေ့ မေလ ၆ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်၌ စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား(အကယ်ဒမီ)အား သပိတ်မှောက်ရန်လိုအပ်ကြောင်း တော်လှန်အင်အားစုများက ပြောသည်။ 

“စစ်ကောင်စီက နိုင်ငံတော်အေးချမ်းသာယာပြီး ပုံမှန်ပျော်ရွှင်စွာလည်ပတ်နေပြီလို့ နိုင်ငံတကာကိုပြသချင်တယ်၊ ပြည်သူတွေကိုလည်း ဘယ်သူအုပ်ချုပ်နေပါစေ ယခင်လိုပဲပျော်ပျော်ရွှင်ရွှင်နဲ့ မူဟန်မပျက်နေထိုင်နိုင်တယ်လို့ဝါဒဖြန့်ပြချင်တယ်၊ ရှေ့မှာအခမ်းအနားတွေကျင်းပပြပြီး နောက်ကွယ်မှာ လူသတ်၊ မုဒိမ်းကျင့်၊ မီးရှို့၊ ဓားပြတိုက်၊ အကြမ်းဖက်နေတာတွေကို သတင်းဖုံးချင်တယ်။ ဒီပွဲတွေမှာပြည်သူ့အာရုံစိုက်မှုရလေ နောက်ကွယ်ကအကြမ်းဖက်မှုတွေကို ပိုမိုရဲတင်းစွာလုပ်ဆောင်နိုင်လေဖြစ်မှာပဲ။ ဒါကြောင့် သွေးစွန်းနေတဲ့ ပွဲလမ်းသဘင်တွေကို ရတဲ့နည်းနဲ့သပိတ်မှောက်ဖို့လိုအပ်တာပဲဖြစ်တယ်။” ဟု ရန်ကုန်ဒရုန်းက မဇ္ဈိမ ကို ဖြေကြားသည်။ 

ပြည်သူ့ဘက်ကို မျက်နှာမမူသည့် အနုပညာရှင်လူတစ်စုနှင့် အာဏာရှင်တစ်စု လက်ဝါးရိုက်အပေးအယူလုပ်နေသော အတုအယောင် အကယ်ဒမီပွဲအား စိတ်ဝင်စားမှုမရှိကြောင်းကို တော်လှန်ပြည်သူများနှင့် တော်လှန်အင်အားစုများအနေဖြင့် သတ်မှတ်ထားကြောင်း သိရသည်။  

စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် အပြစ်မဲ့ပြည်သူအများအပြား အသက်ဆုံးရှုံးရမှုများရှိသလို အိုးအိမ်များဖျက်ဆီးမီးရှို့ခံရခြင်း၊ အကြမ်းဖက်ခံရခြင်းတို့ ရင်ဆိုင်ခံစားနေရခြင်းရှိသဖြင့် စစ်ကောင်စီပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲများမှာ ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို သတင်းဖုံးလိုသည့် သဘောသာဖြစ်သည်။
“အညာမှာဆိုလည်း စကစတပ် က ရွာတွေကိုနေ့စဉ်နဲ့အမျှ မီးတင်ရှို့နေတာတွေရှိတယ်။ စစ်ဘေးရှောင်တွေကလည်း အမြောက်အမြားပဲ။ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးချိန်မှစလို့ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားအသက်ဝင်စေဖို့ ၊ သူတို့ကျူးလွန်ထားတဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေအပေါ် ပြည်သူတွေအာရုံမရောက်အောင် ဖုံးကွယ်ဖို့ ရည်ရွယ်ကာ တစ်နိုင်ငံလုံးအနှံ့ ပျော်ပွဲရွှင်ပွဲတွေကို ကျင်းပပြုလုပ်နိုင်ဖို့ အမြဲကြိုးစားတယ်။ အကယ်ဒမီပေးပွဲကလည်း ဒီအတိုင်းပဲ။ဆင်သေကို ဆိတ်သရေနဲ့ဖုံးဖို့ကြိုးစားနေတာပေါ့ သူတို့က။” ဟု Yangon Revolution Force (YRF) က မဇ္ဈိမ ကို ပြောသည်။ 

အကယ်ဒမီပေးပွဲမကျင်းပခင် ရက်သတ္တပတ်အလိုကတည်းက တယ်လီဂရမ်ချန်နယ်များတွင် စစ်တပ်လော်ဘီများက ခြိမ်းခြောက်မှုများစွာ ပြုလုပ်နေပြီးဖြစ်သည်။ အကယ်ဒမီပေးပွဲအား တက်ရောက်ရန် ငြင်းဆန်ပါက အကြမ်းဖက်ဥပဒေဖြင့်အရေးယူသွားမည်ဖြစ်သလို တက်ရောက်မည့်အနုပညာရှင်များကိုလည်း boycott ပြုလုပ်သူများ( စီးပွားရေးလုပ်ငန်းရှင်များအပါအဝင်) ပြတ်ပြတ်သားသားအရေးယူသွားမည်ဖြစ်ကြောင်း ဖြန့်ဝေထားသည်။ 

“ဒီအကယ်ဒမီပေးပွဲမှာလည်း အနုပညာရှင်တွေကိုလာရင်လာ မလာရင်ဖမ်းဆီးမယ်။ ဒီထဲမှာခံဝန်ထိုးထားတဲ့သူတွေကို လာရင်လာ မလာရင်ခံဝန်ထားတဲ့သူတွေဖမ်းဆီးမယ်။ အနုပညာရှင်တွေကို ဓားမိုးပြီးတော့ သေနတ်ထောက်ပြီး လာခိုင်းတာဖြစ်ပါတယ်။ အများကြီးလာပြီးတော့မှ တစ်ယောက်နှစ်ယောက်ထဲမလာဘူးဆိုရင် ဒီတစ်ယောက်နှစ်ယောက်က လုံခြုံရေးအရမှာ အရမ်းကြီးမားသွားပါပြီ။

အကယ်ဒမီပေးပွဲကို မတက်တက်အောင်ခြိမ်းခြောက်ခံနေရတဲ့ အကြောက်တရားသွင်းခံနေရတဲ့ အနုပညာရှင်တွေရှိသလိုပါပဲ။ ကျွန်တော်တို့ရဲ့ ပြည်သူ့ရန်သူဖြစ်တဲ့ယုန်လေးလိုမျိုး၊ ပြည်သူကို သစ္စာဖောက်ခဲ့တဲ့ ပြည်သူ့ရဲ့တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းတွေကို ပေးခဲ့တဲ့ G fatt တို့ Floke Roseတို့လိုလူမျိုးတွေ ရန်အောင်၊ မေသန်းနုတို့လို လူမျိုးတွေကလည်း အနုပညာရှင်အချင်းချင်းကို နောက်ကျောကနေပြီးတော့ ဓားနဲ့ထိုးတဲ့ သစ္စာဖောက်တွေဖြစ်ကြပါတယ်။” ဟု တော်လှန်ရေးတွင် ပြတ်ပြတ်သားသား လူမှုရေးပြစ်ဒဏ်ခတ်ရမည့် သူများကို ဥပမာပေး၍ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက ဖြေကြားသည်။ 

ထို့ကြောင့် စစ်ကောင်စီပြုလုပ်မည့် အကယ်ဒမီပေးပွဲအပါအဝင် ပွဲအခမ်းအနားများအား တက်ရောက်ခြင်းမပြုရန်၊ လူမှုကွန်ရက်စာမျက်နှာတွင် တက်လာသောသတင်းများကို Like , comment , share လုပ်ခြင်းမပြုရန်၊ အဆိုးအကောင်း မျှဝေခြင်းမလုပ်ရန်လိုအပ်ပြီး စစ်ကောင်စီအလိုကျ အကယ်ဒမီပေးပွဲအကြောင်း သတင်းတင်သည့် မီဒီယာများကိုလည်း unfollow လုပ်ကာ သပိတ်မှောက်ရန် တော်လှန်ရေးအင်အားစုများမှ တိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required