ဒုက္ခသည်များအား ထားရှိမည့် အဆောက်အအုံသစ်များဆီ ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ လာရောက်စစ်ဆေး

ဒုက္ခသည်များအား ထားရှိမည့် အဆောက်အအုံသစ်များဆီ ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ လာရောက်စစ်ဆေး

ဖိနှိပ်ခံ လူနည်းစု ရိုဟင်ဂျာများ နေရပ်ပြန်ရေး ကာလရှည် တန့်ရပ်နေ့သည့် အစီအစဉ်အား ပြန်လည်ဖော်ထုတ်ရန်အတွက် တည်ဆောက်ပေးထားသော အဆောက်အအုံသစ်များကို ကြည့်ရှုစစ်ဆေးရန် ရိုဟင်ဂျာဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ သောကြာနေ့တွင် ရောက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွင်းမှုအတွင်း ထွက်ပြေးလာသူ အများစုဖြစ်သည့် ရိုဟင်ဂျာ တစ်သန်းနီးပါးကို လက်ခံထားရသည်။ အဆိုပါ မြန်မာစစ်တပ်၏ ဖြိုခွင်းမှုကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ကုလသမဂ္ဂက စုံစမ်းစစ်ဆေးနေသည်။

ထိုနှစ်နောက်ပိုင်း၌ နှစ်နိုင်ငံသည် ရိုဟင်ဂျာများ နေရပ်ပြန်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း ယင်းအချိန်ကတည်းက တိုးတက်မှု အနည်းငယ်သာ ရှိပြီး ကုလသမဂ္ဂကလည်း အခြေအနေသည် ရိုဟင်ဂျာများ နေရပ်ပြန်ရေးအတွက် မသင့်တော်သေးကြောင်း အကြိမ်ကြိမ် သတိပေးထားသည်။

နေရပ်ပြန်လည်ချထားမှု အစမ်းစီမံချက်အတွက် တည်ဆောက်ထားသော စံပြကျေးရွာနှစ်ရွာဆီ နယ်ခြားစောင့်တပ် တာဝန်ရှိသူတစ်ဦးအပါအဝင် ရိုဟင်ဂျာ ၂၀ နှင့် တာဝန်ရှိသူ ခုနစ်ဦးတို့ သွားရောက်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောသည်။

“ကျွန်တော်တို့တွေ အမျိုးသမီး သုံးဦး အပါအဝင် ရိုဟင်ဂျာ ၂၀ နဲ့အတူ တက်ခ်နက်ဖ်ဆိပ်ခံတံတားကနေ ထွက်ခွာလာခဲ့တယ်”ဟု ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ လက်ထောက်မဟာမင်းကြီး မိုဟာမတ် ခါလစ် ဟူစိန်က အေအက်ဖ်ပီသို့ ပြောသည်။

“မြန်မာဆီမှာ နေရပ်ပြန်လည်ချထားရေး ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို သူတို့တွေက ကြည့်ရှုစစ်ဆေးမှာ ဖြစ်ပါတယ်”ဟု အိမ်နီးချင်း မောင်တောမြို့နယ်က မြစ်ဆိပ်သို့ စက်လှေထွက်ခွာစဉ် ၎င်းက ဆိုသည်။

နေရပ်ပြန် ဒုက္ခသည်များအတွက် အဆောက်အအုံသစ်များတွင် ဈေးတစ်ဈေး၊ ဆေးရုံနှင့် လက်ခံရေးဌာနသို့ ပါဝင်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မီဇာနာ ရတ်ရှ်မန်းက အေအက်ဖ်ပီသို့ ပြောသည်။

နေရပ်ပြန်လည်ချထားမှုကို မုတ်သုံရာသီ မဝင်ခင် မေလနှောင်းပိုင်း၌ စတင်မည်ဟု မျှော်လင့်ထားကြောင်း တာဝန်ရှိသူများက အေအက်ဖ်ပီသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required