ရိုဟင်ဂျာများအား နေရပ်ပြန်မပို့မီ စစ်ကောင်စီ၏ အသင့်ဖြစ်မှုနှင့် နိုင်ငံသားအခွင့်အရေးများကို အကဲဖြတ်ရန် ပထမဆုံးရိုဟင်ဂျာအဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်

ရိုဟင်ဂျာများအား နေရပ်ပြန်မပို့မီ စစ်ကောင်စီ၏ အသင့်ဖြစ်မှုနှင့် နိုင်ငံသားအခွင့်အရေးများကို အကဲဖြတ်ရန် ပထမဆုံးရိုဟင်ဂျာအဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်

အဖွဲ့ဝင် ၂၀ ဦးပါသော ရိုဟင်ဂျာအဖွဲ့သည် ရှေ့ပြေးအစီအစဉ်အဖြစ် နေရပ်စွန့်ခွာသွားခဲ့သူများအတွက် ပြင်ဆင်ထားသည့် ရခိုင်ပြည်နယ်အတွင်းရှိ နေရာအဆောက်အဦများကို ကြည့်ရှုရန် မေလ ၅ ရက်တွင် နတ်မြစ်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက်ထွက်ခွာသွားပြီးနောက် မြန်မာနိုင်ငံသို့  ရိုဟင်ဂျာအဖွဲ့၏ ပထမဆုံးအကြိမ်လာရောက်မှုဖြစ်ပြီး ယခုနှစ် မတ်လတွင် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်ကမ်းခြေရှိ ဒုက္ခသည်စခန်းများသို့ စစ်ကောင်စီအဖွဲ့ဝင်များ ကြုံတောင့်ကြုံခဲ လာရောက်ပြီးနောက် ယခုခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများနှင့် ဒုက္ခသည်များသည် နိုင်ငံသားအခွင့်အရေး အပြည့်အဝရမှသာ နေရပ်ပြန်ချင်ကြသည်။  “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ရေရှည်နေထိုင်ဖို့ နေရပ်ပြန်ရေးအစီအစဉ်စတင်ဖို့ပါ” ဟု ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင် (RRRC) အရာရှိ မိုဟာမက်မီဇာနာရာမန်က Anadolu သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရာမန်သည် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်များဆိုင်ရာ တာဝန်ခံအဖြစ် ရိုဟင်ဂျာအဖွဲ့နှင့်အတူ လိုက်ပါလာခြင်းဖြစ်သည်။ အဆိုပါအဖွဲ့သည် မေလ ၅ ရက် မနက်ပိုင်းတွင် ရောက်ရှိပြီး ညနေပိုင်းတွင် ပြန်လည်ထွက်ခွာနိုင်ဖွယ်ရှိသည်။
 
“ကျွန်တော်တို့နဲ့ ပါလာတဲ့ ရိုဟင်ဂျာတွေက သူတို့အတွက် မြန်မာဘက်က ပြင်ဆင်ထားမှုတွေကို ကိုယ်တိုင်တွေ့မြင်ခွင့်ရမှာပါ" ဟု ရာမန်က ဆိုသည်။

ခရီးစဉ်တွင် ဒုက္ခသည် စီမံခန့်ခွဲရေးဆိုင်ရာ ကုလသမဂ္ဂ အရာရှိများ  ပါဝင်ခြင်း မရှိကြောင်း RRRC က  အတည်ပြုခဲ့သည်။

သို့သော်ဘင်္ဂလားဒေ့ရှ်အစိုးရသည် တိုးတက်မှုဖြစ်စဉ်များကို ကုလသမဂ္ဂနှင့် ဆွေးနွေးကြောင်း ရာမန်က ပြောကြားခဲ့သည်။

ယခုကိစ္စသည် နိုင်ငံရေးအရ အကဲဆတ်သောကြောင့် တာဝန်ရှိသူများက ခရီးစဉ်ကို တိတ်တဆိတ် စီစဉ်ခဲ့ကြပြီး လူသိရှင်ကြား ထုတ်ပြန်လိုခြင်းမရှိပေ။

နေရပ်ပြန်မည့် ရိုဟင်ဂျာများသည် နိုင်ငံသားဖြစ်ခွင့်၊ တိုင်းရင်းသားအခွင့်အရေး၊ လွတ်လပ်စွာ သွားလာခွင့်နှင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အပါအဝင် ၎င်းတို့၏ ရပိုင်ခွင့်များကို အပြည့်အ၀ ပြန်လည်ရယူလိုပြီး ထိုသို့သော နိုင်ငံသားရပိုင်ခွင့်များ မရမည်ကို စိုးရိမ်နေကြသည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

“မြန်မာဘက်က အဲဒီအချက်တွေကို မလိုက်လျောရင် သူတို့ကို ဒုက္ခသည် စခန်းကနေ လေဟာပြင် အကျဉ်းထောင်ဆီ လွှဲပြောင်းတာနဲ့ တူပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေဟာ ဘယ်လို ကန့်သတ်ချက် အမျိုးမျိုးကို ကြုံတွေ့ခံစားနေရတယ်ဆိုတာ ကျွန်တော်က ကိုယ်တိုင်ကြုံထားလို့ သိပါတယ်” ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ကို ပူးတွဲတည်ထောင်သူ ဦးနေဆန်းလွင်က Anadolu သို့ ပြောကြားခဲ့သည်။ 

အခြေခံလိုအပ်ချက်  ပထမအဆင့်အနေဖြင့် ရိုဟင်ဂျာများသည် စစ်ကောင်စီက သတ်မှတ်သည့် ကျေးရွာများတွင်မဟုတ်ဘဲ ၎င်းတို့ မူလကျေးရွာများသို့ ပြန်လည်ဝင်ရောက်ခွင့်ရရန်နှင့်  ဒုတိယအဆင့်အဖြစ် Genocide Card ဟု ခေါ်သော နိုင်ငံသားစိစစ်ရေးကတ် (NVC) ကို ဖျက်သိမ်းရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။  
စစ်အုပ်စုသည် အမေရိကန်နှင့် မဟာမိတ်များအပါအဝင်   ဖိအားများစွာကို ရင်ဆိုင်နေရသောကြောင့် ၎င်းတို့၏ ထောင်ချောက်များကို သတိထားရန် ကျွမ်းကျင်သူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ဘင်္ဂလားဒေ့ရှ် အစိုးရကို ပြောကြားခဲ့သည်။

တရုတ်ကလည်း ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေးအစီအစဉ်ကို စတင်ရန် မြန်မာအား ဖိအားပေးလျက်ရှိသည်ဟု ဆိုသည်။

"စစ်အုပ်စုဟာဟာ သူ့ရဲ့ စစ်ရေးစွမ်းရည်နဲ့ အာဏာ ဆုံးရှုံးပြီး အထီးကျန်ဖြစ်နေပါပြီ။ ဒါကြောင့် စစ်အုပ်စုက အနောက်နိုင်ငံတွေ သဘောကျစေဖို့ ရိုဟင်ဂျာတွေကို ပြန်ခေါ်ချင်ကြောင်း ကမ္ဘာ့နိုင်ငံတွေကို သက်သေပြချင်နေတာပါ” ဦးနေဆန်းလွင်က ဆိုသည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းများ၌  မကြာသေးမီက လုံခြုံရေးအခြေအနေများ ဆိုးရွားလာခဲ့ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူ နာခန်လီတွန်က Anadolu သို့ ပြောကြားခဲ့သည်။ ရိုဟင်ဂျာ အသိုင်းအဝိုင်းမှ ခေါင်းဆောင်အများအပြား အသတ်ခံခဲ့ရသည်။ လုံခြုံရေးအကျပ်အတည်းများရင်ဆိုင်နေရပြီး ဒုက္ခသည်များအကြား အကြောက်တရားများက ရိုဟင်ဂျာများအား စခန်းများမှထွက်ပြီး  မြန်မာနိုင်ငံသို့ ပြန်ရန် တွန်းအားပေးလျက်ရှိသည်။

သို့သော် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများနေရပ်ပြန်ရေးအတွက် တိုးတက်မှုဖြစ်စဉ် ကြီးကြီးမားမားမရှိသေးကြောင်းနှင့် စစ်ကောင်စီသည် ရိုဟင်ဂျာများ ဘေးကင်းစွာပြန်နိုင်ရေးအတွက် အခြေနေများကို မလုပ်ဆောင်ပေးနိုင်ကြောင်း ဦးနေဆန်းလွင်က ပြောသည်။

နေရပ်ပြန်လာသူများအတွက် နိုင်ငံသားအခွင့်အရေးများ မရပါက ရိုဟင်ဂျာများသည် ၁၉၉၂ နှင့် ၂၀၁၇ ခုနှစ်အကြား ကြုံတွေ့ရသည့် ဖြစ်ရပ်များကဲ့သို့ အခက်အခဲများစွာ ရင်ဆိုင်ရဖွယ်ရှိကြောင်းနှင့် စစ်ကောင်စီသည် တရုတ်၏ဖိအားများစွာကိုလည်း ရင်ဆိုင်နေရပြီး ဖိအားများသက်သာစေရန် ရိုဟင်ဂျာဒုက္ခသည်များကို ပြန်ခေါ်သင့်ကြောင်း  ဦးနေဆန်းလွင်က ဆိုသည်။ 

“တကယ်လို့ စစ်ကောင်စီက ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ ဆန္ဒရှိမယ်ဆိုရင် ဒုက္ခသည် ၁၃၀ ၀၀၀ ကို ရခိုင်ပြည်နယ် စစ်တွေမှာရှိတဲ့ သူတို့ရဲ့ မူလကျေးရွာတွေဆီ ပြန်လည်နေရာချထားပေးပြီး အစီအစဉ်ကို စတင်မှာပါ။ ဒါဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ လတ်တလော ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကြီးမားတဲ့ ဆွဲဆောင်မှု ဖြစ်လာမှာပါ” ဟု ဦးနေဆန်းလွင်က ပြောသည်။ 

အစီအစဉ်အောင်မြင်ပါက ပထမအဆင့်အနေဖြင့် စိစစ်ပြီးသား ရိုဟင်ဂျာ ၁ ၁၀၀ ဦးကို နေရပ်ပြန်ပို့ရန် စီစဉ်မည်ဖြစ်သည်။ မြန်မာဘက်မှ ပူးပေါင်းပါဝင်မှုမရှိသည့်အတွက် အစောပိုင်းက ထိုသို့သော အစီအစဉ်များစွာသည် မအောင်မြင်ခဲ့ပေ။

မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့ရသည့် ရိုဟင်ဂျာ မွတ်စလင် ၁ ဒသမ ၂ သန်းကျော်သည် ကော့ဘဇားရှိ လူပြည့်ကျပ်နေသော ဒုက္ခသည် စခန်း ၃၃ ခုတွင် နေထိုင်ကြပြီး အခြား ၃၀ ၀၀၀ ဦးခန့်ကိုလည်း ဘင်္ဂလားပင်လယ်အော်ရှိ ဘာဆန်ချားကျွန်းသို့ ရွှေ့ပြောင်းပေးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly