ခင်ဦးမြို့နယ်မှာ မိုးခေါင်ရေရှားမှုကြောင့် စက်ရေတွင်းနှင့် ရေဘုံဘိုင်များ အရေးပေါ်တူးနေရ

By KMN(မဇ္ဈိမ)
05 May 2023
ခင်ဦးမြို့နယ်မှာ မိုးခေါင်ရေရှားမှုကြောင့် စက်ရေတွင်းနှင့် ရေဘုံဘိုင်များ အရေးပေါ်တူးနေရ
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း မိုးခေါင်ရေရှားမှုနှင့် ကြုံနေရခြင်းကြောင့် သောက်သုံးရေရရှိရန်အတွက် စက်ရေတွင်းနှင့် ရေဘုံဘိုင်များ အရေးပေါ်တူးနေရကြောင်း ခင်ဦးဒေသခံများထံမှ သိရသည်။

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းဝင်ရောက်ခဲ့သည့် ကျေးရွာများ၌ လျှပ်စစ်ထရမ်စဖော်မာများ၊ ရေဘုံဘိုင်များကို စစ်ကောင်စီ တပ်သားများက နည်းအမျိုးမျိုးဖြင့် ဖျက်ဆီးသွားခဲ့ခြင်းကြောင့် ဒေသခံများ ရေအခက်အခဲအပြင် စားနပ်ရိက္ခာများ ၊အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

"စက်ရေတွင်းတစ်ခု ပြီးစီးဖို့ အနည်းငယ်သာကျန်ပါတယ်။ စစ်ရှောင်နေရာလေးခုမှာ ဘုံဘိုင်လေးခုတော့ပြီးသွားပါပြီ။ နောက်ထပ်စက်ရေတွင်း တစ်ခုနဲ့ ရေဘုံဘိုင်တွေ တူးပေးဖို့ရှိပါသေးတယ်"ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

စက်ရေတွင်းတစ်ခုပြီးစီးရန် ငွေကျပ်သိန်း ၃၀၀ ခန့်ကုန်ကျပြီး ရေဘုံဘိုင်တစ်ခု ပြီးစီးရန်အတွက် ငွေကျပ် ၃၀၀,၀၀၀ခန့် ကုန်ကျနိုင်ကာ အလှူရှင်များက လှူဒါန်းကြကြောင်း ၎င်းကဆိုသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဧပြီလလယ်ခန့်မှစ၍ အပူချိန် မြင့်တက်နေခြင်းကြောင့် သောက်သုံးရေရှားပါးသည့်အပြင် စစ်ဘေးရှောင်အများစု မူးမေ့လဲကျခြင်းများ ဖြစ်ပေါ်နေပြီး အင်းပတ်ကျေးရွာနေ ဒေါ်ပုစိန်(၈၁) နှစ်သည် စစ်ဘေးရှောင်ရင်း  ဧပြီလ ၁၉ ရက် ညနေပိုင်းတွင် နေပူဒဏ်ကြောင့် သတိလစ်မေ့‌မြောကာ သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ဧပြီလအတွင်း  စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့်  ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာမှ အိမ်ခြေ ၅၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ဒေသခံထောင်နှင့်ချီ၍ စစ်ဘေးရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံက မဇ္ဈိမကို ပြောသည်။

စာတည်း ။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly