ကော့မှူးတွင် စစ်ကောင်စီခန့်  အုပ်ချုပ်ရေးမှူးဟောင်းကို စစ်တပ်ကပြန်ဖမ်း

By ရောင်နီ (မဇ္စျိမ)
03 May 2023
ကော့မှူးတွင် စစ်ကောင်စီခန့်  အုပ်ချုပ်ရေးမှူးဟောင်းကို စစ်တပ်ကပြန်ဖမ်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် စစ်ကောင်စီတပ်က ၎င်းတို့ ယခင်ခန့်အပ်ထားခဲ့သည့် အုပ်ချုပ်ရေးမှူးဟောင်းကို ပြန်လည်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ 

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူမှာ ကော့မှုးမြို့နယ်၊ အဖျောက်ကျေးရွာမှ ဦးမျိုးနိုင်ဆိုသူ ဖြစ်ပြီး မေလ ၁ ရက်နေ့၊ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ 

၎င်းသည် စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ခံရသည့် အဖျောက်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ကြောင်း သိရသည်။

“ မေလ ၁ ရက်နေ့ ညနေပိုင်း အချိန်မှာ ဖမ်းဆီးခံရတာပါ။ သူ့အိမ်ကို စစ်တပ်က ဧည့်စာရင်း ဝင်စစ်ပြီးတော့ သူ့တစ်ယောက်တည်းကိုပဲ ဖမ်းဆီးသွားတာပါ” ဟု ဒေသတွင်းသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

အဖျောက်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးနိုင်ဆိုသူကို စစ်တပ်က အာဏာဖီဆန်မှုဖြင့် ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလက အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားမှု ရှိခဲ့ကြောင်း သိရသည်။ 

“သူ့ကို အာဏာဖီဆန်မှုနဲ့ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက စစ်တပ်က အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ခဲ့တာရှိတယ်။ အဲ့ဒီမှာ စစ်တပ်နဲ့ ပြန်ညှိပြီး သိန်း ၁၀၀ပေးပြီးတော့ အိမ်မှာပြန်နေချိန် လာပြန်ဖမ်းသွားတာလို့ သိရတယ်။အသေးစိတ်တော့ မသိရသေးပါဘူး” ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။ 

စစ်ကောင်စီတပ်က ၎င်းတို့ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးဟောင်းအား ဖမ်းဝရမ်းထုတ်ထားမှုအခြေအနေ အသေးစိတ် သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။ 

စစ်တပ်ထောက်ခံသူ အများစုရှိသည့် အဖျောက်ကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟောင်းကို ဖမ်းဆီးပြီးနောက်တွင်လည်း စစ်တပ်က ကျေးရွာအဝင်အထွက်ကို ပိတ်ဆို့ကာ ဧည့်စာရင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ထင်တာတော့ သူတို့အချင်းချင်းထဲကနေ နေရာလုဖို့ ချောက်တွန်းရင်း အခုလိုအခြေအနေ ဖြစ်သွားတယ်လို့ ယူဆပါတယ်။ စစ်တပ်ထောက်ခံသူ အချင်းချင်းတောင် ယုံလို့မရတော့တဲ့ အနေအထားပေါ့” ဟု ကော့မှူး ဒေသခံ တစ်ဦးက မဇ္စျိမကို ပြောသည်။ 

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်က အဝင်အထွက်ကို ပိတ်ဆို့ကာ ယခုရက်ပိုင်းအတွင်း ဧည့်စာရင်း စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required