ထန်းတပင်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၃ ဦးသေဆုံး 

By YT  ( မဇ္ဈိမ)
03 May 2023
ထန်းတပင်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၃ ဦးသေဆုံး 

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးကျေးရွာအနီးတစ်ဝိုက်အား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ယမန်နေ့ မေလ ၂ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်တွင် ထန်းတပင်မြို့နယ်၊ ဘုမ္မတီးကျေးရွာအနီးတစ်ဝိုက်သို့ စစ်ကောင်စီ၏ တောင်ငူလေတပ်မှ ဂျက်ဖိုက်တာနှစ်စီး၊ ရဟတ်ယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘုမ္မတီးကျေးရွာ၊ ကျွဲလမ်းကျေးရွာနှင့် သရက်တန်းကျေးရွာများတွင် ကျရောက်ပါက်ကွဲခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဘုမ္မတီးကျေးရွာမှ ဒေသခံလင်မယား နှစ်ယောက် သေဆုံးပြီး ကျွဲလမ်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦး ဦးခေါင်းပြတ်ထွက်ကာ သေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများလည်းရှိပြီး ဒဏ်ရာပြင်းထန်​သူ ငါးဦးမှာ ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

" ဘုမ္မတီးရွာက လင်မယားနှစ်ယောက်သေတယ်။ ကျွဲလမ်းက အသက် ၂၄၊ ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ယောက်က ရေချိုးတဲ့အချိန်မှာ လေယာဉ်လာကြဲတော့ ခေါင်းတခြား ခန္ဓာကိုယ်တခြားဖြစ်သွားတယ်၊ ဒဏ်ရာပြင်းထန်တဲ့ ငါးယောက်ကတော့ ဇရပ်ကြီးဆေးရုံနဲ့ ထန်းတပင်ဆေးရုံမှာဆေးကုသနေတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးအပတ်မှစ၍ ဘုမ္မတီးကျေးရွာနှင့် ကျဲလမ်းကျေးရွာအကြားတွင် စစ်ကောင်စီတပ်နှင့် KNLA ပါဝင်သော ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားနေခဲ့ခြင်းရှိပြီး ယမန်နေ့ မေလ ၂ ရက်နေ့တွင်မှ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဘုမ္မတီးကျေးရွာဒေသခံတစ်ဦးထံက သိရသည်။ 

" ကျွဲလမ်းရွာနဲ့ ဘုမ္မတီးရွာကြားမှာ တိုက်ပွဲဖြစ်နေတာရှိတယ်။ တိုက်ပွဲကတော့ ဖြစ်နေတာကြာပြီ။ မနေ့ကမှ လေယာဉ် ပါလာတာပါ။ တိုက်ပွဲဖြစ်တဲ့အချိန်က ပုန်းနေကြတာ။ ပုန်းနေရင်းနဲ့ကို ထိတာပါ" ဟု ဘုမ္မတီးဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦး​၏ ပြောကြားချက်အရ ယမန်နေ့ မေလ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဘုမ္မတီးရွာ၌ တပ်မဟာ (၂) လူကြီးအချို့​၏ အစည်းအဝေးတစ်ခုရှိကြောင်း၊ ထိုအစည်းအဝေးပြီးသည့် နေ့လယ် ၂ နာရီဝန်းကျင်တွင် ဘုမ္မတီးရွာအတွင်းသို့ PDF သုံး၊ လေးဦးခန့် ခေတ္တဝင်လာကြောင်း၊ ထိုသို့ PDF များ ဝင်ရောက်လာသည်ကို စစ်ကောင်စီတပ်ထံ သတင်းပေးသူများရှိသဖြင့် စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

" မနက်ပိုင်း KNU တပ်မဟာ (၂) လူကြီးအစည်းအဝေးရှိတယ်၊ အစည်းအဝေးက ၂ နာရီကတည်းကပြီးလို့ PDF သုံး၊ လေးယောက် ဘုမ္မတီးရွာထဲ ခဏဝင်လာနေတာ၊ အဲ့တာ စစ်တပ်ကို သတင်းပေးကြတယ်ထင်တယ်။ စစ်တပ်သတင်းရလို့ လာပစ်တာယူဆရပါတယ်" ဟု ၎င်းကဆိုသည်။ 

ယမန်နေ့က စစ်ကောင်စီ​တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘုမ္မတီးကျေးရွာ၊ ကျွဲလမ်းကျေးရွာ၊ သရက်တန်းကျေးရွာ၊ ဂွအိုင်ကျေးရွာ၊ လှည်းလမ်းကူးကျေးရွာ အစရှိသည့် ကျေးရွာများမှ ဒေသခံများသည် လေကြောင်းတိုက်ခိုက်မှုပြီးသည်နှင့် ပုန်းနေရာမှထွက်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။ 

" လေယာဉ် ဗုံးကြဲတာ ပြီးတာနဲ့ အသက်ကြီးတဲ့သူတွေကိုတော့ အရင်ဆုံး ရွှေ့ရတာပေါ့။ အခုတော့ ရွာထဲမှာ ဘယ်သူမှမရှိတော့ပါဘူး" ဟု ဘုမ္မတီးဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်​၏ ပြန်ကြားရေးချန်နယ်များတွင်မူ ပဲခူးတိုင်းထန်းတပင်မြို့နယ်၊ ဘုံမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာ၊ ကျွဲလမ်းကျေးရွာရှိ KNLA၊ PDFစခန်းများကို တိုက်လေယာဉ်ဖြင့် ခုနစ်ကြိမ်ဗုံးကြဲသုတ်သင်ရှင်းလင်းခဲ့ပြီး ထိခိုက်၊ သေဆုံးသော PDF ရာချီများပြားနေသည်ဟု ဖော်ပြထားပြီး နောက်ထပ် ထပ်ကြဲရန် လိုအပ်နေသေးသည်ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။

စာတည်း- သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly