တနင်္သာရီတိုင်းအတွင်းရှိ မြိတ်နှင့် ထားဝယ် အကျဉ်းထောင်တို့မှ နိုင်ငံရေးအကျဉ်းသား ၄၈ဦးကို ယနေ့ မေလ ၃ ရက်နေ့တွင် လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း အကျဉ်းသား မိသားစုဝင်များ၊ သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီးနှင့် နီးစပ်သူများထံက သိရသည်။
ယနေ့ နံနက် ၁၀ နာရီ အချိန်၌ မြိတ်အကျဉ်းထောင်မှ ၅၀၅-က ဖြင့် နိုင်ငံရေး အကျဉ်းသား ရှစ်ဦးနှင့် အကျဉ်းသူ ခြောက်ဦး စုစုပေါင်း ၁၄ ဦး လွတ်မြောက်လာခဲ့သည်ဟု အကျဉ်းထောင်အရှေ့သို့ သွားရောက်ခဲ့သည့် မိသားစုဝင်များထံက သိရသည်။
“အမှန်က မြိတ်ထောင်မှာ ၅၀၅-က နဲ့ အကျဉ်းသားတွေ အများကြီး ရှိနေတာပါ။ အခု နာမည်နဲ့ တကွ ခေါ်ပြီး လွှတ်ပေးလိုက်တာပါ ။ အားလုံး ၂၄ ဦးပါ။ ၁၀ ဦးကိုတော့ ပြန်ဆွဲထားလိုက်တယ်”ဟု မြိတ်မြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
ယနေ့တွင် မြိတ်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၂၄ ဦးကို လွတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ထောင်အပြင် ရောက်ချိန်တွင် ၂၄ ဦး အနက် ၁၄ ဦးကိုသာ လွှတ်ပေးခဲ့ပြီး ကျန် ၁၀ ဦးကိုမူ ပြန်လည်ခေါ်ယူထားကြောင်း အကျဉ်းထောင် ဝန်ထမ်းများနှင့် နီးစပ်သူများထံက သိရသည်။
အလားတူ ထားဝယ် အကျဉ်းထောင်မှလည်း ယနေ့ မနက်ပိုင်းတွင် နိုင်ငံရေး အကျဥ်းသား ၃၄ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
လွတ်မြောက်လာသူ အများစုသည် ပုဒ်မ ၅၀၅-က တစ်မျိုးတည်းဖြင့် ထောင်ဒဏ် နှစ်နှစ်၊ တစ်နှစ်ခွဲ အသီးသီး အမိန့်ချမှတ်ခံထား ရသူများ ဖြစ်ကြောင်း အကျဉ်းသား မိသားစုဝင်များထံက သိရသည်။
စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ် ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ ၂,၁၅၃ ဦးကို ပြန်လွှတ်ပေးမည်ဟု ယနေ့ နံနက်ပိုင်းက ကြေညာခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ