ဘောလခဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

By ကိုဇာနည် (မဇ္ဈိမ)
03 May 2023
ဘောလခဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အတွင်းရှိ စစ်ကောင်စီတပ်မှ နေရာယူထားသည့် စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.ကရုံး၊ မြို့မရဲစခန်း၊ရုပ်\သံ လွှင့်ဌာနတို့ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကယားစစ်ဒေသ ဘောလခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် (၁၁၀၅) တပ်ရင်း နှင့်  ဖားဆောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PPDF) အမှတ် (၁၁၀၈) တပ်ရင်းတို့ ပါဝင်သည့် ဘောလခဲခရိုင် ပူးပေါင်းဗျူဟာစစ်ကြောင်းတို့မှဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ထိုထိတွေ့တိုက်ပွဲသည် မေလ ၂ ရက်နေ့၊ မနက် ၄နာရီ ၅၀မိနစ်တွင် စတင် ထိ‌တွေ့တိုက်ပွဲဖြစ်ခဲ့သည်။ တိုက်ပွဲကြာချိန် နှစ်နာရီကျော် ကြာမြင့်ခဲ့ပြီး
စစ်ကောင်စီတပ်ဖက်က ခုနစ်ဦးသေဆုံးပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်ထံမှ G4 တစ်လက်၊ AK 22 တစ်လက်၊ G4 ကျည်ဘောက် ခြောက်ဘောက်၊ AK ကျည်ဘောက် သုံးဘောက်၊ လက်ပစ်ဗုံး တစ်လုံးနှင့် ကျည်ဆန်အချို့တို့အား သိမ်းဆည်းရမိခဲ့သည်ဟု ဘောလခဲ PDF က ထုတ်ပြန်ထားပါသည်။

"စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဟောင်းရုံးအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး လ.ဝ.က ရုံးအားလည်း ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၄၃၀) တပ်ရင်း မှ စစ်ကူများရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည် " ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  ထိုတိုက်ပွဲတွင်  ဘောလခဲပြည်သူ့ကာကွယ်‌‌ရေးတပ်ဖွဲ့ (BPDF) အမှတ်(၁၁၀၅) တပ်ရင်း မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့သည်ဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly