ညောင်ခါးရှည်ရဲစခန်းအနီးကျေးရွာများမှ ဒေသခံများကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးနေ

By ရွှေနွယ်(မဇ္ဈိမ)
01 May 2023
ညောင်ခါးရှည်ရဲစခန်းအနီးကျေးရွာများမှ ဒေသခံများကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးနေ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးချိန်မှစကာ အနီးတစ်ဝိုက်ကျေးရွာများမှဒေသခံများအား စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေ ကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ဧပြီ ၂၇ နှင့် ၂၈ ရက်နေ့များတွင် ဒေသခံ ၂၀ ဦးခန့်အား စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူ ၂၀ ဦး၏သတင်းအား စုံစမ်းမရသေးသည့်အပြင် ဆက်လက် ဖမ်းဆီးခံနေရသူများ လည်းရှိနေကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ဖမ်းခံထားရသူတွေရဲ့ သတင်းကိုမကြားရသေးဘူး။ အားလုံး ၃၀ လောက်ရှိသွားပြီ။ အခုလည်း စစ်ကား ၃ စီးနဲ့ ရွာတွေပိတ်ပြီး ဖမ်းနေတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ရှာဖွေနေခြင်းဖြစ်ပြီး မသက်ဆိုင်သူ များကိုပါ ဖမ်းဆီးနေခြင်းဟု သိရသည်။

အများဆုံးဖမ်းဆီးခံရသည့်ဒေသခံများမှာ ညောင်ခါးရှည်နှင့် ဖိုးစပါယ်ကျေးရွာတို့မှဖြစ်ကြောင်း ဝေါမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်များသည် ဧပြီလ ၂၇ ရက်နေ့ ညပိုင်းတွင် ကမ်းနားအနီးတဲများတွင်နေထိုင်သည့် အမျိုး သား ခုနစ်ဦးကိုဖမ်းဆီးခဲ့ပြီး ဧပြီ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရွာကွင်း၌နေထိုင်သူ ၁၃ ဦးအား လက်ပြန် ကြိုးတုတ် ဖမ်းဆီးသွားခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများ၏သတင်းကို စုံစမ်းမရသေးသည့်အပြင် အခြားအရပ်သားများပါ ဆက် လက်ဖမ်းဆီးခံနေကြရသည်။ ဖမ်းဆီးခံရသူများအနက် တက်ကြွလှုပ်ရှားသူများနှင့် NLD ပါတီထောက်ခံ သူအချို့လည်းပါဝင်ကြောင်း သိရသည်။
 
ရန်ကုန်-မော်လမြိုင်ကားလမ်းအနီးရှိ ညောင်ခါးရှည်ရဲစခန်းအား ဧပြီလ ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင် ဝေါမြို့နယ် (ပကဖ) နှင့် ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၁ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကင်းစောင့်နေသူ ရဲတစ်ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ သတင်းပြန်ကြားရေးမှ ထုတ်ပြန် ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required