ကလေးမြို့နယ်အတွင်းမှလုပ်ငန်းရှင်များ အခွန်ဆောင်ကြရန် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အသိပေး

By ပါခွီး (မဇ္စျိမ)
01 May 2023
ကလေးမြို့နယ်အတွင်းမှလုပ်ငန်းရှင်များ အခွန်ဆောင်ကြရန် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အသိပေး

  စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် အခွန်ပေးဆောင်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဧပြီလ ၂၀ရက်နေ့က ထုတ်ပြန်ထားသည်။

ကလေးမြို့နယ်အတွင်းရှိလုပ်ငန်းရှင်များအနေဖြင့် မိမိတို့မြို့နယ်အတွင်း တရားဝင်လည်ပတ်လုပ်ကိုင်နိုင် ရန် ထိုက်သင့်သောအခွန်ပေးဆောင်မှုကို ပေးဆောင်ခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန်နှင့် အခွန်ရှောင်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်ကိုသိရှိကြပါရန် အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း ဆိုသည်။ ယင်း အခွန်ဆောင်မှုတွင် တားမြစ်ကုန်များ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ကလေးမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်အဆင့်အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ အရှိန် အဟုန်မြှင့်လုပ်ဆောင်နေပြီး တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆိုသည်။

“အခွန်ဆောင်ရင် အခွန်ဆောင်တဲ့ဝန်ဆောင်မှုကို ရရှိမှာဖြစ်ပြီး အခွန်ရှောင်ရင် အခွန်ရှောင်တဲ့ ပြစ်ဒဏ် ကိုရရှိမှာဖြစ်ပါတယ်” ဟု ကလေးမြို့နယ် ပအဖ တာဝန်ရှိသူတစ်ဦးမှ မဇ္စျိမ ကိုပြောသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေရှိ အခွန်ရှောင်သောလုပ်ငန်းရှင်များ၏ ကုန်ပစ္စည်းများကို ပထမအကြိမ် ဒဏ်ကြေးသတ်မှတ်ခြင်း၊ ဒုတိယအကြိမ်သိမ်းဆည်းပြီး တတိယအကြိမ်တွင် လုပ်ငန်းလုပ် ပိုင်ခွင့် ရုပ်သိမ်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအပြင် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူကိုပေးရမည့်ဝန်ဆောင်မှုများကို ပေးနေကြောင်း သိရသည်။

ရရှိလာသောအခွန်ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရမှချမှတ်ထားသော လမ်းညွှန်ချက်အတိုင်း သုံး စွဲလျက်ရှိနေပြီး ပြည်ထောင်စုနှင့်မြို့နယ်အတွက် ၃၀ ရာခိုင်နှုန်းစီဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များအတွက် ၄၀ ရာခိုင်နှုန်း အသုံးပြုသွားမည်ဖြစ်ကြောင်း ပအဖ တာဝန်ရှိသူကဆိုသည်။

လုပ်ငန်းရှင်များအနေဖြင့် ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးလူမှုကွန်ရက်စာမျက်နှာမှတဆင့် ဆက် သွယ်ကြရန်နှင့် လုပ်ငန်းရှင်အများစုမှာ ဆက်သွယ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“ကျနော့်အနေနဲ့တော့ သေချာမသိရသေးဘူး။ အခုလောလောဆယ်မှာတော့ အလုပ်အကိုင်တွေကလည်း အဆင်သိပ်မပြေဘူး။ နောက်ပြီး ကျနော်တို့ကအကုန်ကြောက်နေရသလိုဖြစ်တော့ အဓမ္မပုံစံမျိုးနဲ့ကောက် မယ်ဆိုရင်တော့ အဆင်ပြေမယ်မထင်ဘူး”ဟု ကလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မဇ္စျိမကိုပြော သည်။

လုပ်ငန်းရှင်မဟုတ်သော သာမန်ပြည်သူများမှလည်း ကာကွယ်ရေးအဖွဲ့များကို နိုင်သည့်ဘက်မှကူညီနေ ကြကြောင်း၊ အကယ်၍ ပကဖကို အခွန်ဆောင်သည့်အကြောင်း စစ်ကောင်စီဘက်မှသိရှိသွားမည့် အန္တရာယ်ကိုလည်း စိုးရိမ်မိကြောင်း ဆိုသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အပေါ် အခွန်ကိစ္စနှင့်ပတ်သက်ပြီး နားလည်မှု၊ ယုံကြည်မှုများလျော့နည်းသွား မည်ကိုစိုးရိမ်သဖြင့် မြေပြင်အခြေအနေနှင့် ကိုက်ညီသည့် စီမံဆောင်ရွက်မှုများ ပြုလုပ်စေချင်ကြောင်း အဆိုပါလုပ်ငန်းရှင်မှ ပြောကြားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required