ကန့်ဘလူ၊ တရော်ကိုင်းရွာကို စစ်တပ်မီးရှို့ဖျက်ဆီး၊အရပ်သား ၁၀ ဦးကို ဖမ်းဆီးထား

By MTO(မဇ္ဈိမ)
29 April 2023
ကန့်ဘလူ၊ တရော်ကိုင်းရွာကို စစ်တပ်မီးရှို့ဖျက်ဆီး၊အရပ်သား ၁၀ ဦးကို ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ရေရှင်ကျေးရွာအုပ်စုအတွင်းရှိ တရော်ကိုင်းကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂၈ ရက် နေ့လယ်ပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများကပြောသည်။

 တရော်ကိုင်းကျေးရွာကို စစ်ကောင်စီ ခြေမြန်တပ်ရင်း  ၃၆၁ နှင့် တပ်မ ၈၈ လက်အောက်ခံတပ်ဖွဲ့ များက ယမန်နေ့ ဧပြီလ ၂၈ ရက် နေ့လယ် ၂ နာရီခွဲမှစတင်၍ မီးရှို့ဖျက်ဆီးခြင်းဟု သိရသည်။

" မနေ့က တရော်ကိုင်းရွာ။ ဒီနေ့ မြေမွန်ရွာ။ အိမ်တွေ ဘယ်လောက်ပါသွားလဲ မသိသေးဘူး။ ရာသီဥတုက ပူရတဲ့ကြားထဲ ခွေးရန်ကလွတ်အောင် ပြေးနေရတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုစစ်ကောင်စီစစ်ကြောင်းသည် ဧပြီလ ၂၇ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊မလည်တိုက်နယ်အတွင်းရှိ စကျင်ကျေးရွာသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ဝင်ရောက်ကာ ဒေသခံပြည်သူ ၁၀ ဦးအား ဖမ်းဆီးသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“ ဖမ်ဆီးခံထားရသူတွေ ခုထိ(ဧပြီလ ၂၉ ရက်နေ့ နေ့လည် ၃ နာရီခန့် ) မလွတ်သေးဘူး” ဟု ကျွန်းလှတက် ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းသည်  ဧပြီလ ၂၀ ရက်နေ့မှစတင်ကာ ကန့်ဘလူမြို့နယ်အတွင်းရှိ ပဇီကြီးကျေးရွာ၊ လေးတွင်းစင်ကျေးရွာ၊ချောင်းသာရွာနှင့် မြေမွန်ရွာတို့ကို မြေပြင်စစ်ကြောင်းထိုးပြီး နေအိမ်များအား  မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို ရွာစဉ်လှည့်စစ်ကြောင်းထိုး နေသောကြောင့် ပဇီကြီး၊ လေးတွင်းစဉ်၊ ထန်းတော၊ မယ်ဇတော၊ ချောင်းရှည်၊ ချောင်းသာ၊ မေတ္တာမွန်၊ မြေမွန်၊ စကျင်၊ တရော်ကိုင်း၊ ရေရှင်၊ ဘူးကုန်းနှင့် ရွှေပြည်လင်း စသည့် ကျေးရွာ ၁၃ ရွာမှ အပြစ်မဲ့ပြည်သူ ၁၀,၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required