ရေးမြို့အဝင် စစ်ဆေးရေးဂိတ်အား ရေးဘီလူးအဖွဲ့တိုက်ခိုက် စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးဟု ဆို

By ဂျူချန်း(မဇ္ဈိမ)
29 April 2023
ရေးမြို့အဝင် စစ်ဆေးရေးဂိတ်အား ရေးဘီလူးအဖွဲ့တိုက်ခိုက် စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ ရေးမြို့နယ်အဝင် စစ်ကောင်စီ၏ ခမရ(၅၈၆) တပ်အနီးရှိ စစ်ဆေးရေးဂိတ်တစ်ခုအား ရေးဘီလူးအဖွဲ့မှ ယနေ့ ဧပြီလ ၂၉ ရက် နံနက် ၇နာရီကျော်ခန့်တွင် လျှပ်တပြက် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဘက်မှ ခြောက်ဦးသေဆုံးခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် စစ်မှုထမ်းဟောင်း လင်းဦးဆိုသူမှ ဦးဆောင်ကာ ဖွင့်ထားသည့် ဂိတ်ဖြစ်ရာ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်သားများနှင့် ပြည်သူ့စစ် အင်အား ၁၅ ဦးခန့် လုံခြုံရေးယူထားကြောင်း သိရသည်။

“ဂိတ်က လင်းဦးဖွင့်ထားတာပါ။ စကစက လုပ်ပိုင်ခွင့် အပြည့်ပေးထားပါတယ်။ ဂိတ်မှာ ၁၅ ယောက်ကျော်မယ်။ လမ်းမပေါ်မှာပဲ အကုန်သေကုန်ပါပြီ။ အလစ်ပစ်တာ။ ငါးမိနစ်လောက်ပဲ လမ်းမပေါ်မှာရပ်နေတာ အကုန်ပစ်ချလိုက်တာ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် ရေးဘီလူးအဖွဲ့မှ ရဲဘော်တစ်ဦး လက်မောင်းတွင် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုအား ရေးဘီလူးအဖွဲ့မှ သင်္ကန်းဝတ်ဆင်ကာ လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီတပ်ထောက်ခံသူများ၏ တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေနေကြသော်လည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ထိုဖော်ပြမှုမှာ သတင်းမှားဖြစ်ကြောင်းနှင့် ပစ်ခတ်မှုလုပ်ဆောင်ချိန််တွင် သာမန်အဝတ်အစားများဖြင့်သာ လုပ်ဆောင်ခဲ့သည်ဟု ပြောသည်။
စစ်ကောင်စီ၏ တယ်လီဂရမ်ချန်နယ်များတွင် BGF တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်၏ သေဆုံးမှု အရေအတွက်အတိအကျကိုမူ မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်တွင်းရှိ စစ်ကောင်စီတပ်နှင့် ဒေါက်တိုင်များအား မကြာခဏတိုက်ခိုက်လေ့ရှိရာ ဧပြီလ ၁၇ ရက်နေ့တွင်လည်း ရေးမြို့မရဲစခန်းအား ရေးဘီလူးအဖွဲ့၏ မြေအောက်မြို့ပြပြောက်ကျားအဖွဲ့မှ ၄၀ မမ ဗုံးသီးဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required