ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ကာကွယ်ရေးတပ်များတိုက်ခိုက် စစ်သား ၄ ဦးသေဆုံးဟုဆို

By KMN(မဇ္ဈိမ)
29 April 2023
ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ကာကွယ်ရေးတပ်များတိုက်ခိုက် စစ်သား ၄ ဦးသေဆုံးဟုဆို
ဓာတ်ပုံ - Chindwin Brothers PDF ၏မိုင်းဆွဲတိုက်ခိုက်ခဲ့မှုမှတ်တမ်း(ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှ ဧပြီလ ၂၈ ရက်နေ့တွင်ထွက်ခွာလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်များမှ ညောင်ပင်ခံရွာအရှေ့တောင်ဘက် ဇီးတော်ရွာအဝင်နှင့် ဖန်းခါးကျင်းကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Chindwin Brothers PDF က သတင်းထုတ်ပြန်သည်။

"Drone တပ်ဖွဲ့နဲ့အတူ ကင်းထောက်တာ၊ ဗုံးသီးချတိုက်ခိုက်တာတွေလုပ်ခဲ့တာပါ။ ညနေ ၅ နာရီအချိန် န.မ.ခ ကို ဝင်ရောက်ချိန် ဖန်းခါးကျင်းကျေးရွာမြောက်ဘက်က မီတာ ၁,၅၀၀ အကွာလောက်မှာ ရှေ့ထွက်မိုင်းတွေနဲ့တိုက်ခဲ့တာ စစ်သား လေးယောက်သေပါတယ်။ မြေပြင်သတင်းပေးပို့ချက်အရအတည်ပြုနိုင်ပါတယ်"ဟုChindwin Brothers PDF တာဝန်ရှိသူက ပြောကြားသည်။

စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်များမှ ဧပြီလ ၂၈ ရက်နေ့၊ နံနက် ၉ နာရီအချိန် ဇီးတောရွာအဝင်မှာ ၆၀ မမ လက်နက်များနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ညနေ ၅ နာရီဝန်းကျင် ဖန်းခါးကျင်းကျေးရွာ မြောက်ဘက်မှာ ရှေ့ထွက်မိုင်းများနှင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်မူများအား Chindwin Brothers (DFG တပ်ဖွဲ့ခွဲ)၊ချင်းတွင်းလူငယ်ပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားလက်ရုံးတပ်တော်၊ Anonymous Heros တပ်ဖွဲ့တို့မှ Droneဖြင့် ကင်းထောက်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်း၊ မြေပြင်ပစ်ခတ်တိုက်ခိုက်ခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly