မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက်မီးရှို့ အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပျက်စီး

By MTO (မဇ္စျိမ)
28 April 2023
မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက်မီးရှို့ အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အတွင်းရှိ မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂၆ ရက်မှ စ၍ နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးရာ ကျေးရွာအတွင်းရှိ နေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်ကြေညာသည်။

ယင်းစစ်ကောင်စီတပ်စစ်ကြောင်းသည် နာမည်ကြီး ဘီလူးစစ်ကြောင်းဖြစ်ပြီး အင်အား ၁၅၀ ကျော်ဖြင့် ဧပြီလ ၂၅ ရက်နေ့တွင် ရွှေဘိုမြို့နယ်မှ ခင်ဦးမြို့နယ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် မြို့သစ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက “စစ်ကောင်စီစစ်ကြောင်းက ဘီလူး စစ်ကြောင်းလို့ သိရပါတယ်။ ၂၆ ရက်နေ့ နေ့လယ်ခင်းလောက်က မြို့သစ်ကျေးရွာကို စဝင်တယ်၊ ဝင်ပြီးတော့ အဲ့နေ့ ညနေပိုင်းကနေ မီးရှို့လိုက်တာ ၂၇ ရက်နေ့ မနက်အထိ ရှို့တာ အဲ့နေ့ ညနေပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့ အခါမှာ အိမ်ခြေ ၄၀၀ ကျော်လောက် မီးလောင် သွားတာကို သိရတာ” ဟု ပြောသည်။

မြို့သစ်ကျေးရွာကို နှစ်ရက်ဆက်မီးရှို့ခဲ့သည့် ဘီလူးစစ်ကြောင်းသည်း ဧပြီလ ၂၇ ရက်နေ့  မနက်ပိုင်းတွင် မြို့သစ်ကျေးရွာမှ ထွက်ခွာသွားပြီးနောက် ရေဦး- ခင်ဦးလမ်းမှ တစ်ဆင့် ရေဦးမြို့နယ်အတွင်းသို့ ဝင်ရောက် သွားကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ  ၄၀၀ ကျော်မီးလောင်ပျက်စီးသွားသည့် မြို့သစ် ကျေးရွာတွင် ဒေသခံ ၂,၀၀၀ နီးပါးလောက် မီးဘေးသင့်ခဲ့ရပြီး လတ်တလောမှာ နေထိုင်ရေးအတွက် အခက်အခဲများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းစစ်ကြောင်းသည် ဧပြီလ  ၂၅ ရက်နေ့တွင် ခင်ဦးမြို့နယ် တပင်ကောင်း(တောင်)ရွာရှိ နေအိမ် ၂၅ လုံး နှင့် ကံကြီးကုန်းရွာမှ နေအိမ်တစ်လုံး နှင့် ကင်းတဲ့ တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required